၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ လွှတ်တော်ကို တင်သွင်းတော့မည်

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လာမယ့်ဇူလိုင်လအတွင်း  ကျင်းပမယ့် ၁၃ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်သွင်းသွားမယ်လို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ဇွန်လ ၁၃ ရက်က ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ အစည်းအဝေးအပြီး သတင်းမီဒီယာတွေကို ပြောဆိုလိုက်တာပါ။

“၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်ပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ကော်မတီကို စပြီးတော့ ဖွဲ့စည်းချိန်ကတည်းက အချိန်သတ်မှတ်ချက် ပါပါတယ်။ အဲဒါကတော့ ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ လွှတ်တော်သို့ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါပါတယ်ခင်ဗျ”လို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၄၅ ဦး ပါဝင်တဲ့ အဖွဲ့က အခြေခံဥပဒေပါ ပုဒ်မအားလုံးကို လေ့လာစိစစ်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းကော်မတီက လေ့လာစိစစ်ထားတဲ့ ပြင်ဆင်ချက်တွေကိုတော့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေ လုပ်ဆောင်ပြီး လွှတ်တော်ရဲ့ အတည်ပြု ဆုံးဖြတ်ချက် ရမှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အခန်း ၁၅ ခန်းပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်းမှာ ပထမအကြိမ်အဖြစ် ဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အခုဒုတိယအကြိမ်လွှတ်တော်မှာတော့  အခြေခံဥပဒေ တခုလုံးကို လေ့လာစိစစ်ပြီး ဒုတိယအကြိမ် ပြင်ဆင်ရေးလုပ်ဆောင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

13 Jun 2019