အခွန်ကြွေးကျန် ကျပ် ဘီလျံ ၁ဝဝကျော် ပြန်ရဖို့ ဆောင်ရွက်သင့်ပြီဟုဆို

{ကုမုဒြာမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရာက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

နိုင်ငံတော်အနေနဲ့ ရရှိမယ့်အခွန်ကြွေးကျန် ကျပ်ဘီလျံ ၁ဝဝကျော်ကို ပြန်လည်ရရှိအောင် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ကြိုးပမ်းဆောင်ရွက်သင့်ပြီလို့ ပုလဲမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ထောက်ပြဝေဖန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့တဲ့၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနဲ့ သည်အပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးရာမှာ အခုလို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်က “ကျွန်မတို့နိုင်ငံဟာ သယံဇာတအပေါ် မှီခိုအားထားခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ဒီနေ့အခွန်ပေါ်မှီခိုတဲ့ စီးပွားရေးဖြစ်ဖို့ ဖြည်းဖြည်းချင်းရည်မှန်းနေတဲ့ အချိန်လဲ ဖြစ်ပါတယ်၊ ဒီကိစ္စကို လွန်ခဲ့တဲ့ရက်ပိုင်းကပဲ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောခဲ့တဲ့ဟာကို ကျွန်မတို့ သတိထားမိကြမယ်ထင်ပါတယ်၊ အခွန်ကြွေးကျန်ကျပ် ဘီလျံ ၁ဝဝကျော်ကိုသာ အမိအရ အခွန်ကောက်ခံနိုင်မယ်ဆိုရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ ကျွန်မတို့ သုံးစွဲအကောင်အထည်ဖော်နိုင်မှာလဲ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သည်လောက်ပမာဏကြီးမားတဲ့ အခွန်ကြွေးကျန်ငွေတွေကိုအခွန်ရ ငွေအစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း မဖော်ပြဘဲနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီရဲ့အစီရင်ခံစာမှာသာ ပြည်တွင်း အခွန်များဦးစီးဌာနရဲ့ နှစ်အဆက်ဆက်လက်ကျန် ဖြစ်ပေါ်နေတဲ့ အခွန်ကြွေးကျန်များလို့သာ ဖော်ပြထားတဲ့အတွက် သိရှိရခြင်းဖြစ်တယ်လို့ ကိုယ်စားလှယ်က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေနဲ့ သည်အပေါ်မှာ သဘောထားမှတ်ချက်တစ်စုံ တစ် ရာပေးထားတာမတွေ့ရသလို တစ်နည်းအားဖြင့် သည်ကြွေးကျန်ငွေတွေကို ဘယ်လိုနည်းနဲ့ ကောက်ယူသင့်တယ်၊ ဘယ်လိုဆက်လက်ဆောင်ရွက်သင့်ပါတယ် ဆိုတဲ့ လမ်းညွှန်ချက်ပေးထားတာကိုမတွေ့ရဘူးလို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

၁၉၇၄ခုနှစ် ဝင်ငွေခွန်ဥပဒေရဲ့ပြင်ဆင်ချက်များမှာဆိုရင် အခွန်အရကောက်ခံခြင်းနဲ့ပတ်သက်ပြီး တိတိကျကျဖော်ပြ ထားပြီးဖြစ်သလို ဝင်ငွေခွန်ဥပဒေရဲ့အခန်း ၁၃ ပုဒ်မ ၃၉၊ ၄၀၊ ၄၁တို့မှာလည်း အခွန်မပြေကျန်ငွေကို အရကောက်ခံရမယ့် နည်းလမ်းတွေ ပါရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် အခွန်ကို မီခိုဖို့ကြိုးစားနေတဲ့ အစိုးရနဲ့ လွှတ်တော်ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင်ဆောင် ရွက်နိုင်ဖို့ အခုလိုအခွန်ကြွေးကျန်တွေကို ထိထိရောက်ရောက် အလေးအနက်ထား ကောက်ခံနိုင်ဖို့လည်း အခုချိန်မှာ ဆောင်ရွက်သင့်နေပြီဖြစ်ပါတယ်။ အခွန်နဲ့ ပတ်သက်တဲ့ ဘယ်လိုဥပဒေကိုပြဋ္ဌာန်း ပြဋ္ဌာန်းဥပဒေသာရှိပြီး ထိရောက်အောင် လက်တွေ့မှာအသုံးမချနိုင်ဘူးဆိုရင် ဥပဒေတွေဟာ အသုံးမတည့်တဲ့ ဥပဒေတွေနဲ့သာ ရှိနေမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နေ့စဉ်မေးနေတဲ့မေးခွန်းတွေမှာ စာသင်ကျောင်းလို အပ်ချက်တွေ၊ ကျန်းမာရေးဌာနခွဲများ၊ ခက်ခဲလှတဲ့ ကျေးလက်လမ်းများ၊ ဆက်သွယ်ရေးမလွယ်ကူလှတဲ့ ချောင်းကူးတံတားများ စတဲ့လိုအပ်ချက်တွေကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက အကြိမ်ကြိမ် တင်ပြတောင်းခံလျက်ရှိနေပါတယ်။ ဒါ့ကြောင့် သည်လိုပမာဏများလှတဲ့ အခွန်ကြွေးကျန်တွေကိုသာ အမိအရကောက်ခံပြီး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် သည်လိုစီမံကိန်းတွေကို ထောင်နဲ့ချီပြီး တည်ဆောက်နိုင်မှာဖြစ်သလို တော်တော်များများ ပြေလည်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ခင်စန်းလှိုင်က “အရပ်စကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီအခွန်ရရှိရေးဟာ အားနာရမယ့်ကိစ္စမဟုတ်တဲ့အပြင် မျက်နှာလိုက်ရမယ့်ကိစ္စမျိုးလဲ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဆောင်ရွက်သင့်

အခုလို နိုင်ငံတော်အနေနဲ့ ရရှိရမယ့် ပမာဏများလှတဲ့ အခွန်ကြွေးကျန် ကျပ်ဘီလျံ ၁ဝဝကျော်ကို ဘယ်လိုကောက်ခံမယ်၊ ဘယ်လိုစီမံချက်နဲ့ ဆောင်ရွက်မယ်ဆိုတာကို စီစဉ်သင့်ပြီဖြစ်တယ်လို့လည်း ဒေါ်ခင်စန်းလှိုင်က အကြံပြု ဆွေးနွေးသွားပါတယ်။

မြန်မာနိုင်ငံမှာ လူတိုင်းအခွန်ဆောင်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို သည်ကနေ့ ထူထောင်နေတဲ့အချိန်ဖြစ်သလို အခုဆိုရင် အစိုးရသစ်တက်လာပြီးတဲ့ နောက်မှာ အခွန်တွေတိုးကောက်တယ်၊ ပြည်သူလူထုတွေ အခွန်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပါတယ်ဆိုပြီး လူမှုကွန်ရက်တွေ မီဒီယာတွေမှာ တချို့က လှုံ့ဆော်ရေးသားနေတာ တွေ့ရှိရပါတယ်။ တစ်ဖက်မှာလည်း၂၀၁၀ အစိုးရတက်လာက တည်းက ငါတို့ အခွန်တာဝန်ကျေရမယ်၊ ငါတို့ပေးတဲ့အခွန်တွေဟာ လမ်းတွေ၊ တံတားတွေစတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ကျန်းမာရေး၊ ပညာရေးတွေကို ဆောင်ရွက်ခဲ့သလို လက်ရှိအစိုးရသစ်ရဲ့လက်ထက်မှာ စလုပ်နေတဲ့နိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ သက်ကြီးနိုင်ငံသားတွေအတွက် လူမှုရေးထောက်ပံ့ကြေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေအတွက် ထောက်ပံ့မှုတွေလည်း ဖြစ်လာနေတယ်ဆိုပြီး အခွန်ထမ်း ဖြစ်ရတာကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ အခွန်ထမ်း ဆောင်ပေးနေကြတဲ့ နိုင်ငံသားတွေ လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။ သည်လိုပုဂ္ဂိုလ်တွေကိုလည်း နိုင်ငံတော်ကနေ ထိုက်ထိုက်တန်တန်ချီးမြှင့် ဂုဏ်ပြုပေးနေပြီဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်က “စီးပွားရေးအရ အမြတ်ငွေထဲကနေပြီး ခွဲဝေပေးဆောင်မယ်လို့ စိတ်ဓာတ်ရှိသူတွေဟာ သူတို့ကိုယ်တိုင် အမြတ်အစွန်း နည်းနည်းလေးပဲရရ အသိတရားရှိရှိ ကြိုးစားနေတဲ့အချိန်မှာ အခုဒီကနေ့ ကျွန်မတို့တွေ့နေရတဲ့ အခွန်မပေးချင်တဲ့သူတွေ အခွန်ရှောင်ချင်သူတွေထဲက တရားဝင်စာရင်းအဖြစ်တွေ့ လာရတဲ့ ခေတ်အဆက်ဆက်က နှစ်အဆက်ဆက်က အခွန်ကြွေးကျန်တွေဟာ ရင်နာစရာ ပေါ်ပေါက်နေတာကို စိတ်မချမ်းမြေ့စွာ တွေ့နေရတယ်” လို့ပြောပါတယ်။

ဖြေကြားဖို့လို

ဒါ့ကြောင့် အခုလို အခွန်ကြွေးကျန် တွေဘီလျံ ၁ဝဝကျော်ရှိနေတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းက အကြွေးတွေလဲ၊ ဘယ်လိုအကြွေးမျိုးတွေလဲဆိုတာကို ခွဲ ခြားတင်ပြဖို့သ က်ဆိုင်ရာအစိုးရအဖွဲ့တွေ ကဆောင်ရွက်ဖို့လိုသလို ဘယ်အချိန်မှာ ရအောင်လုပ်ဖို့ ရည်မှန်းထားသလဲ၊ဘယ် လိုနည်းဗျူဟာတွေနဲ့ လုပ်ဆောင်သွားမှာ လဲဆိုတာကိုလည်; ကြပ်မတ်ရှင်းလင်းဖြေ ကြားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သည်ကိစ္စကို သီးခြားအစီရင်ခံစာတစ်ရပ် အနေနဲ့ တင်ပြပေးဖို့နဲ့ ပြည်ထောင်စုလွှတ် တော်ရဲ့ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီကလည်း ပိုမိုကြီးကြပ်ပေးပြီး လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။