စစ်ပွဲများရပ်တန့်ပေးရန် ရခိုင်ပြည်နယ်လွှတ်တော် အစိုးရကို တိုက်တွန်း

{DVB TV Newsမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မြန်မာ့တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ဖေဖောဝါရီ ၂၁ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က မနေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာတင်သွင်းခဲ့ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေရတာဟာ တန်းတူညီမျှခွင့်မရှိတဲ့အတွက် ဖြစ်ပွားနေရတာဖြစ်တယ်လို့ အဲဒီအဆိုကို ထောက်ခံခဲ့တဲ့ မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

“အဓိက တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အခြေခံမူတရပ် အပေါ်မှာ မူတည်ပြီးတော့ မညီမျှတဲ့ မြန်မာ့နိုင်ငံရေးလောကအောက်က စီးဆင်းလာတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှုတွေကြောင့် ကျနော်တို့ဟာ တန်းတူညီမျှကျနော်တို့ အခွင့်အရေးတစ်ရပ်ကို လိုချင်တဲ့အတွက် ဒီနေ့စစ်ပွဲကြီးဟာ ဆက်လက်ပြီးတော့ ရှင်သန်ဖြစ်ပွားနေတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီးပါပြီ။ တစ်ဖက်မှာ ငြိမ်းချမ်းရေး၊ တစ်ဖက်မှာ စစ်ပွဲ။ ရန်နဲ့ ငြိမ်းချမ်းရေးနှစ်ခုမှာ အတူလက်တွဲပြီးတော့ သွားနေရတဲ့ အချိန်ကာလမှာ ကျနော်တို့ စစ်သားတွေကို မမုန်းပါဘူး။ စစ်ပွဲတွေကို မုန်းပါတယ်။”

အဲဒီလို စစ်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်နယ်အတွင်း ပြည်သူတွေဒုက္ခရောက်ရုံသာမက တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ ကင်းမဲ့လာတာကာ သေနတ်နဲ့ ပစ်သတ်မှုတွေ တိုးပွားလာတယ်လို့ ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ပွာနေမှုကြောင့် ပြည်သူများမှာလည်း အိုးအိမ်ပစ် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးပြည်သူမှာ ၆၀၀၀ကျော်လောက်ရှိနေပြီး။ ဆက်လက်လည်း ရှိနေဦးမှာဖြစ်ပါတယ်။ ယခုဖြစ်ပွားနေသော အခြေနေအရပ်ရပ်တို့ကြောင့် နယ်မြေမတည်ငြိမ်မှုများဖြစ်ပေါ်လျှှက်ရှိနေ သည်မှာ တောမီးလောင်၊ တော၊ တောင်တို့မှာ အနေခက်သလို နယ်မြေမတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုတို့ အားနည်းနေတဲ့အတွက် ကြောင့် ကျနော်တို့ မင်းပြားမြို့အပါအဝင် တစ်ချို့မြို့များတွင် လူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိနေပါတယ်။”

မနေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၇ ဦးရှိတဲ့အနက် ၃၅ ဦးသာ တက်ရောက်ခဲ့သလို ပြည်နယ်အစိုးရအဖွဲ့ကလည်း တက်ရောက်ခွင့် မရှိခဲ့ပါဘူး။

လက်ရှိမှာ ရခိုင်ပြည်နယ်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၆၀၀၀ ကျော်လောက်ရှိနေပြီဖြစ်သလို တိုက်ပွဲမှာလည်း ပြင်းထန်လာကာ အရပ်သားပြည်သူတွေ သေဆုံးတာနဲ့ ပြည်သူတွေကို မတရားအသင်းပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေလည်း ရှိလာနေပါတယ်။