မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံ ငါးရုံနှင့် ပတ်သက်၍ အနံ့ဆိုးများ ထပ်မံထွက်ရှိပါက စက်ရုံ အပြီးပိတ်သိမ်းရန်၊ ကုမ္ပဏီများနှင့် ဌာနများအကြား ချုပ်ဆိုထားသော စာချုပ်နှင့် ခွင့်ပြုမိန့်များကို ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံ/ကတိကော်မတီက တိုင်းအစိုးရအား အကြံပြု

{Eleven Media Groupမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံ ငါးရုံနှင့် ပတ်သက်၍ အနံ့ဆိုးများ ထပ်မံထွက်ရှိပါက စက်ရုံကို အပြီးပိတ်သိမ်းရန်၊ ကုမ္ပဏီများနှင့် ဌာနများအကြား ချုပ်ဆိုထားသော စာချုပ်၊ ခွင့်ပြုမိန့်များကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီက တိုင်းအစိုးရအား အကြံပြုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက်က စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီက မြိတ်မဲ ဆန္ဒနယ်အမှတ် (၂) မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို မေးမြန်းခဲ့သည့် မြိတ်မြို့ပေါ်၌ ပတ်ဝန်းကျင်လေထု ညစ်ညမ်းသည့် အနံ့ဆိုးများ ဖြစ်ပေါ်နေသော ငါးအမှုန့်ကြိတ်စက်လုပ်ငန်းများကို မည်သည့်အချိန်တွင် မည်ကဲ့သို့ အရေးယူစီမံ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ ကော်မတီ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြခဲ့ကြောင်း၊ အစီရင်ခံစာအတွင်း ငါးအမှုန့်ကြိတ်စက်ရုံ ငါးရုံနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ လုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာ စစ်ဆေးခြင်း၊ ကုမ္ပဏီများအပေါ် ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်၊ ညွှန်ကြားချက်နှင့် လုပ်ဆောင်ချက် စာရွက်စာတမ်းများကို စိစစ်ခြင်း၊ ဒေသခံပြည်သူများ၏ ခံစားနေရမှုနှင့် အမြင်သဘောထားများကို မှတ်တမ်းပြုလုပ်ထားခြင်း စသည့် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက် ၂၇ ချက်၊ သုံးသပ်ချက် ခြောက်ချက်နှင့် အကြံပြုချက် ၁၃ ချက် တို့ကို ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ကော်မတီ၏ စစ်ဆေးတွေ့ရှိချက် ၂၇ ချက်အနက် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက် နေ့စွဲပါ စာအမှတ် ၃၈၅၉/ဃ-၂/မြိတ် (၀၀၁) ဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ၊ အန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းများ လုပ်ကိုင်ခြင်းကို စီမံကြီးကြပ်ခြင်းဆိုင်ရာ နည်းဥပဒေတို့အရ ဗင်း(န်)တေ့(ချ်) ငါးအမှုန့်ကြိတ် စက်ရုံကို ခေတ္တရပ်ဆိုင်းထားရန် အကြောင်းကြားထားခြင်း၊ ငါးအမှုန့်ကြိတ်စက်ရုံ လုပ်ကိုင်နေသည့် အဆောင်ကောင်း၊ ဗင်း(န်)တေ့(ချ်)၊ မင်းဇာနည်၊ ထူးထူးတိုးနှင့် အောင်မြတ်ဖြိုးကုမ္ပဏီတို့မှာ တတိယအဖွဲ့အစည်းများဖြင့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ (EMP)  များရေးဆွဲထားပြီး ပြည်သူလူထုထံ ချပြရှင်းလင်းထားသည်ကို စစ်ဆေး တွေ့ရှိရသော်လည်း ယင်းအစီရင်ခံစာများမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်) ၏ အတည်ပြုချက်ရယူရန် ကျန်ရှိနေခြင်း၊  အောင်မြတ်ဖြိုးနှင့် မင်းဇာနည်ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိထားမှု မရှိခြင်း၊ စက်ရုံငါးရုံမှ ရေဆိုးစွန့်ထုတ်မှုနှင့် ပတ်သက်၍ ကွန်ကရစ်ကန်များဖြင့် အခိုင်အမာ ပြုလုပ်ထားသည့်အတွက် သေချာစွာ စစ်ဆေး၍ မရသည်ကို တွေ့ရခြင်း၊ မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငါးအမှုန့်ကြိတ်စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် အင်းလေးမြိုင် စက်မှုဇုန်ဝန်းကျင်ရှိ ပြည်သူများနှင့် မြိတ်မြို့ပေါ်ရှိ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို အထူးစီမံချက်ဖြင့် မှတ်တမ်းတင် စာရင်းပြုစုထားမှု မရှိခြင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် စက်ရုံမှ ထွက်ရှိသော အခိုးအငွေ့များတွင် Toxic Gas များ ပါဝင်ခြင်းရှိ မရှိ လုံးဝ တိုင်းတာထားခြင်း မရှိဘဲ ရေဆိုးစွန့်ထုတ်မှုနှင့် ပတ်သက်၍ Temperature နှင့် စံ Level  နှစ်ခုတည်း တိုင်းတာထားသည်ကို စစ်ဆေးတွေ့ရှိရခြင်း၊ ကုမ္ပဏီ ငါးခုသည် စက်ရုံများမှ အနံ့ဆိုးထွက်ရှိပါက စက်ရုံံ ပိတ်သိမ်းသည်အထိ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ အရေးယူခံရမည်ကို သိရှိကြောင်း ဝန်ခံကတိ လက်မှတ်ကို အနည်းဆုံး သုံးကြိမ်ရေးထားပြီး ဖြစ်ခြင်း၊ မလတ်ဆတ်သော ပါကေးငါးများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ပါကေးငါးများကို တူးယူသည့်အခါ သတိလစ်သော အလုပ်သမားများ၊ အသက်သေဆုံးခဲ့ရသော အလုပ်သမားများ ရှိခဲ့ကြောင်း တွေ့ရခြင်း၊ စက်ရုံ ငါးရုံစလုံး စတင် လည်ပတ်စဉ်က မှတ်ပုံတင်လျှောက်လွှာတွင် ပါရှိသည့်အတိုင်း လောင်စာကို ဒီဇယ်ဆီ၊ FO တို့ဖြင့် အသုံးပြုခဲ့သော်လည်း လောင်စာဆီစျေးနှုန်းမြင့် တက်လာမှုကြောင့် ၂၀၁၀ ခုနှစ်မှစ၍ နားလည်မှုဖြင့် ဒီရေတောထင်း၊ ရော်ဘာထင်းများ ပြောင်းလဲ အသုံးပြုခဲ့ကြသည်ကို စက်ရုံတာဝန်ခံများထံမှ သိရခြင်း စသည့်အချက်များ ပါဝင်ခဲ့သည်။

ကော်မတီ၏ အကြံပြုချက် ခြောက်ချက်တွင် ငါးအမှုန့်ကြိတ်စက်ရုံ ငါးရုံစလုံး၌ လောင်စာအဖြစ် ဒီရေတောထင်း၊ ရော်ဘာထင်း၊ တောင်ပေါ်ထင်းများကို အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်ခြင်းနှင့် ကုန်ကြမ်းအဖြစ် ငါးအသေးအမွှား (ပါကေးငါး) များကို နှစ်ရှည်လများ အသုံးပြုခဲ့ခြင်းကြောင့် ရေသယံဇာတများ မျိုးသုဉ်း ပျောက်ကွယ်ခြင်းကို ကြုံတွေ့လာနိုင်ကြောင်း၊ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် မြိတ်မြို့ပေါ်ရှိ ပြည်သူများ သန့်ရှင်းလတ်ဆတ်သော လေကို ရှူရှိုက်ခွင့် ဆုံးရှုံးရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဆိုးရွားစွာ ထိခိုက်လာနိုင်ပြီး ခရီးသွားလုပ်ငန်း၌လည်း သက်ရောက်မှု များစွာဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ငါးအမှုန့်ကြိတ်စက်ရုံ ငါးရုံစလုံးမှာ သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို လေးစားလိုက်နာမှု အားနည်းကြောင်း သုံးသပ်ချက်တွင် ဖော်ပြထားခဲ့သည်။

“လက်ရှိ အနေအထားကတော့ ကျွန်တော်တို့ ကော်မတီကနေ ကွင်းဆင်းတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတော့ အနံ့တွေက သိပ်မထွက်ဘူးပေါ့။ ဒီကြားထဲမှာလည်း အတိုင်ပင်ခံ ခရီးစဉ်တို့၊ ဒုသမ္မတ ခရီးစဉ်တို့လည်း ရှိနေတော့ အနံ့ထွက်တာက သိပ်ပြီး ကျယ်ကျယ်လောင်လောင်တော့ မထွက်လာဘူး။ ဒါပေမဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ မကြာမကြာ ဒီစက်မှုဇုန် ပတ်ဝန်းကျင်မှာ အနံ့တွေ စိမ့်ထွက်နေတယ်ဆိုပြီး အသံတွေ တင်ပြလာတာတွေတော့ ရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ဆက်လုပ်သွားဖို ရှိလဲဆိုတော့ ကော်မတီရဲ့အကြံပြုချက်က လွှတ်တော်ထဲမှာ အစီရင်ခံစာကို မှတ်တမ်းတင်တယ်ဆိုတော့ အစိုးရကနေပြီး မြိတ်ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ဆောင်ရွက်ဖို့ ကော်မတီက အကြံပြုထားပါတယ်။ ဆွေးနွေးချက်ထဲမှာလည်းပဲ လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာကိုရော၊ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကိုပါ လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ပြီး အစိုးရအဖွဲ့ကနေ တကယ် အကောင်အထည်ဖော်မှု ရှိ မရှိကို စောင့်ကြည့်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့လည်းပဲ အစိုးရအဖွဲ့က ဒီအကြံပြုချက်တွေကို ဆောင်ရွက်မှုရှိ မရှိကို စဉ်ဆက်မပြတ် ကျွန်တော်တို့ စောင့်ကြည့်သွားဖို့ ရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ကျွန်းစုမဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ ထူးနေအောင်က ပြောကြားသည်။