အမ်ပီတီ ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူခမရသဖြင့် မွန်ပြည်နယ်လွှတ်တော်၌ မေးခွန်းထုတ်

{DVB TV Newsမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အမ်ပီတီရဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေစိုက်ထူထားတဲ့ စာသင်ကျောင်းနဲ့ ကျေးရွာပိုင် မြေနေရာတွေမှာ ငှားရမ်းခတွေ မရကြဘူးလို့ မွန်ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးကလည်း ရေရေရာရာ မဖြေပေးခဲ့ပါဘူး။

အမ်ပီတီဟာ အရင်က အစိုးရပိုင် စီးပွားရေး လုပ်ငန်းဖြစ်ပေမယ့် အခုအခါ ပုဂ္ဂလိကအဖွဲ့ အစည်းလို ရပ်တည်လုပ်ဆောင်နေတာကြောင့် တာဝါတိုင်တွေ စိုက်ထူတဲ့အခါ အစိုးရပိုင် မြေနေရာတွေမှာ အခကြေးငွေမပေးလို့ ဖေဖော်ဝါရီ ၂၅ ရက် မွန်ပြည်နယ်လွှတ်တော်မှာ မုဒုံံမြို့နယ်က လွှတ်တော် အမတ် ဒေါ်မြသိင်္ဂီမော်က မေးမြန်းခဲ့တာပါ။

“ကော့ပရံရွာ၊ တော်ကူးရွာ၊ ကမာဝက်ရွာ၊ ကလော့သော့၊ ဘဲရမ်းရွာတွေမှာ အဲလို ဖြစ်နေတာ။ ရွာရဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာပိုင်မြေတွေမှာ တာဝါတိုင် စိုက်ထားတာ။ အဲဒါ ဘာမှ မရကြလို့ ကျမကို လာမေးကြတယ်။ ဒါနဲ့ ပတ်သက်လို့ ကျမက မေးခွန်း ၂ ခု မေးတာ။ ဝန်ကြီးက ကျေးရွာဒေသ ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ခဲ့တယ်လို့ ဖြေတယ်။ ကျမ မေးတဲ့အဖြေမပါဘူး” လို့ ပြောပါတယ်။

ဒီမေးခွန်းကို မွန်ပြည်နယ်အစိုးရ စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက နိုင်ငံပိုင် အစိုးရမြေတွေကလွဲပြီး ပိုင်ဆိုင်မှုအထောက်အထားပြည့်ပြည့်စုံစုံ တင်ပြနိုင်တဲ့ မြေတွေအားလုံး ငှားရမ်းခတောင်းခံလာရင် ပေးချေနေတယ်လို့ ဖြေပါတယ်။

ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ မိုဘိုင်းစီမံကိန်းကို ပြည်ထောင်စု ဝန်ကြီးဌာန အချင်းချင်းညှိနှိုင်းတာ၊ ပြည်နယ်၊တိုင်း အစိုးရအဖွဲကို စီမံကိန်းလုပ်ငန်းတွေတင်ပြတာ၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့က သက်ဆိုင်ရာမြို့နယ်အလိုက် ဌာနဆိုင်ရာတွေပါတဲ့ GSM Mobile တိုးချဲ့ တပ်ဆင်ရေး မြေနေရာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့လို့ သင့်လျော်တဲ့ မြေနေရာတွေရှာပြီး ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက်ရပြီးမှ စတင်ဆောင်ရွက်ခဲ့တာလို့လည်း ပြောပါတယ်။

ဒေါ်မြသိင်္ဂီမော်က “ဖြေတာမှာ အဖြေမပါလို့ ဆက်စပ်မေးခွန်းအနေနဲ့ ဘယ်ရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ပေးထားလဲ မေးတော့ တိတိကျကျက မဖြေနိုင်ဘူး။ အောက်ခြေက ရေးပေးထားတဲ့ အတိုင်း လာဖြေနေတဲ့ ပုံစံဖြစ်နေတယ်” လို့ ပြောပါတယ်။

တခြား ဆက်သွယ်ရေးကုမ္ပဏီတွေကတော့ တာဝါတိုင်တွေ စိုက်ထူထားတဲ့ မြေနေရာတွေအတွက် ငှားရမ်းခတွေရတယ်လို့လည်း ဒေသခံ လွှတ်တော်အမတ်က ပြောပါတယ်။