ယခု အစိုးရ လက်ထက် မှုခင်း အလွန်များလာ ဟု NLD အမတ်ဆို

{The Irrawaddy – Burmese Editionမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ယခု အစိုးရ လက်ထက်တွင် ရာဇဝတ်မှု မျိုးစုံ အလွန်များပြား လာနေပြီး အင်အားနည်း နေသည့် ရဲတပ်ဖွဲ့က ထိန်းချုပ် နိုင်ခြင်း မရှိသလို ကာကွယ်ပေးနိုင်ခြင်းလည်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဝေါမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

ယနေ့ မတ်လ ၄ ရက် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်၌ “မြို့ပြများတွင် တရား ဥပဒေ စိုးမိုးပြီး ပြည်သူလူထု၏ လူနေမှု ဘဝလုံခြုံမှု ရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်ရန် အတွက် ဦးစားပေး အဆင့်ဖြင့် ဆောင်ရွက်ပါရန် အစိုးရကို တိုက်တွန်းကြောင်း” အဆိုကို ၎င်းကတင်ပြခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကလည်း ၎င်း၏ တင်ပြချက်ကို လက်ခံ ဆွေးနွေးရန် သဘောတူခဲ့ပြီး မကြာမီ ဆွေးနွေးရန် အစီအစဉ် ရှိနေသည်။

ဦးတင်ထွေးက“ဖြစ်လာတဲ့ ရာဇဝတ်မှု တွေကိုလည်း အချိန်နဲ့ တပြေးညီ မထိန်းသိမ်းနိုင်ဘူး။ ဘာလုပ် ရလည်း ဆိုတော့ လူသတ်မှုဆို အလောင်း သွားကောက်တယ်။ ခိုးမှု ဆို ပြီးရင် ဘာပါသွားလည်း ဆိုတာ သွားကြည့်ရတယ်။ လုယက်မှု ဆိုရင်လည်း နောက်ပိုင်း ကျမှ တရားခံနောက် လိုက်ရတယ်”ဟု သတင်းထောက်များကို ပြောသည်။

၎င်းက ဆက်လက်၍ ရဲစခန်းများတွင် ရှိရမည့် ရဲဦးရေ ဖွဲ့စည်းပုံ မပြည့်မီခြင်း၊ ရဲစခန်းများတွင် အင် အား မရှိဘဲ ရဲတပ်ရင်းများတွင် အင်အား ပိုနေခြင်းများ ဖြစ်ပေါ်နေကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် အင်အား နည်းပါးမှုကလည်း မှုခင်းများ ပေါ များရသည့် အကြောင်းရင်း တခု ဖြစ်ကြောင်း ၎င်းက ထောက်ပြ ခဲ့သည်။

ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က ရဲတပ်ဖွဲ့သည် တရား ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာ၌ ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်မှု လိုအပ်ပြီး မှုခင်း လျှော့ချရေး ပညာပေး ဟောပြော ပွဲများကိုလည်း စိတ်ပါဝင်စားသူ နည်းပါးကြောင်း၊ တရား ဥပဒေ စိုးမိုးရေး အတွက် ရဲတပ်ဖွဲ့ တခုတည်း ဆောင်ရွက်၍ အဆင်မပြေနိုင်ကြောင်း ပြော သည်။

“ဒေါသ အလျောက် ဖြစ်တဲ့အမှုတွေကတော့ တားဆီးလို့ မရနိုင်ဘူး။ နောက် အင်အားပေါ့။ ရဲစခန်းက လုံခြုံရေးလည်း ဆောင်ရွက်ရတယ်။ တရား ရုံးထုတ်ကိုလည်း လုပ်ပေးရတယ်။ နယ်မြေ အတွင်းမှာ တပ်ဖွဲ့ဝင် တဦးရဲ့ ထမ်းဆောင် ရ မယ့် တာဝန်က များပြားတယ်။ အဲဒီလို အင်အား နည်းပါးမှုကြောင့် လည်း မှုခင်း ဖြစ်ပေါ်မှုက များတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သည့် အနေဖြင့် လူကို အန္တရာယ် ရှိစေသည့် ဓား၊ တုတ်၊ လက်နက်များကို ရှာဖွေ ဖမ်းဆီး ခြင်းများလည်း ရှိကြောင်း၊ မူးယစ်စေသည့် ယစ်မျိုး အမှုများကို လည်း ဖမ်းဆီးနေသော်လည်း အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လိုင်စင် ချပေးထားသည့် အရက်ဆိုင်များကိုမူ ဖမ်း၍ မရကြောင်း ရဲမှူး အေးမြင့်နိုင် က ပြောဆိုသည်။

“လိုင်စင်တွေ စွတ်ပြီး ချပေးနေတယ် ဆိုရင်လည်း လူတွေက အရက်သောက် မူးရူးပြီးတော့ ပြဿနာ ပေါင်းစုံတွေ ဖြစ်နေတာတွေ ရှိတာပေါ့နော်။ ဒါလည်း စဉ်းစားသင့်တယ်”ဟု ၎င်းက အကြံပြုသည်။

ရဲစခန်းများတွင် ဖွဲ့စည်းပုံ ပြည့်သည့် စခန်းများ ရှိသလို မပြည့်သည့် စခန်းများလည်း ရှိကြောင်း၊ ပျဉ်းမနား မြို့နယ်တွင် ဖွဲ့စည်းပုံ ပြည့်သော်လည်း သင်တန်း တက်သူများ ရှိခြင်း၊ တခြား ဌာနတွင် တွဲဖက် တာဝန် ထမ်းဆောင်ရခြင်း၊ ခွင့်ယူ ခြင်းများကြောင့် အင်အား မသုံးနိုင်ကြောင်း ရဲ အသိုင်း အဝိုင်းက သိရသည်။

ရဲမှူး အေးမြင့်နိုင်က “အခုလို တပ်မတော်နေ့ လုံခြုံရေး ဆိုရင်လည်း ဒီကနေ အင်အား ၁၀ ယောက် လောက် ပေးထား ရတာလေ။ အဲဒီမှာက နောက်ချန် အင်အားက နည်းနေတာပေါ့။ ပြည်သူနဲ့ ရဲ အချိုးကလည်း ၁ အချိုး ၁၈၀၀ လောက် ရှိတယ်”ဟု ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ တရား ဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရမည့် ရဲတပ်ဖွဲ့သည် ကာကွယ်ရေး ဦးစီးချုပ် အောက်သို့ ရောက်နေပြီး တရားသူကြီးချုပ်မှာလည်း အသက် ၇၀ အရွယ် ဒု ဗိုလ်မှူးကြီးဟောင်း ဖြစ်နေသဖြင့် ယခု လူကြီးများ ဦးစီးနေ သမျှ မှုခင်း ကျဆင်းရေး မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် က ပြောသည်။

“အခြေခံ ဥပဒေ အားနည်းချက်ကြောင့် ဒီလို ဖြစ်ရတာ။ လူထုကို နှိမ်နင်းတဲ့ နေရာမှာ သုံးတဲ့ ရဲတပ်ရင်းတွေမှာ ကျတော့ အင်အား အလွန်အကျွံ သုံးထားတယ်။ ပြည်သူ လူထုကို ကာကွယ်ရမယ့် ရဲစခန်းမှာကျတော့ လူအင်အား မရှိ တော့ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံတွင် မှုခင်း ကြိုတင် ကာကွယ်မှု မလုပ်နိုင် သဖြင့် ရာဇဝတ်မှုများသည် ၎င်းတို့ အစိုးရ တက်ပြီးနောက် ပို များလာကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ကို တိုးချဲ့မလားဟု မေးခွန်း ထုတ်ရမည် ဖြစ်သော်လည်း ရဲတပ်ရင်းက ၃၈ ရင်း ရှိနေပြီး ရဲတပ်ရင်း ၁ ခုတွင် ရဲအင်အား ၅၀၀၊ ၆၀၀ ရှိနေခြင်းသည် အပို ဖြစ်နေကြောင်း ယနေ့ အဆိုရှင် ဦးတင်ထွေး က သတင်းထောက်များကို ပြောသည်။

“အပို ဖြစ်နေတဲ့ အခါကျတော့ ရဲတပ်ရင်းက ဟာတွေကို မြို့ ပြအတွက် ပေးမလား။ ဒါမှမဟုတ်ရင် လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၈၆ အရ နိုင်ငံသားတိုင်းဟာ ကာကွယ်ရေးနဲ့ ပတ်သက်လို့ ရှိရင် ဝင်ရောက်ပြီးတော့ ထမ်းဆောင်ခွင့် ရှိတာ ရှိတယ်။ ရှိတော့ အဲဒီလိုပဲ ဖွဲ့မလား။ အဲဒါမှသာလျှင် ရာဇဝတ်မှုတွေက ထိန်းချုပ်နိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။

ပါတီစုံ စနစ်ဖြင့် ဒီမိုကရေစီ နိုင်ငံကို ထူထောင်နေချိန်တွင် အချို့သော နိုင်ငံရေး အင်အားစုများက တာဝန်ယူ အုပ်ချုပ် နေရသော အစိုးရကို အကြံဉာဏ် ကောင်းများ မပေးဘဲ အပြစ်သာ ပြောနေကြ သဖြင့် တရား ဥပဒေ စိုးမိုးပြီး ပြည်သူ လူထု ဘဝ လုံခြုံမှုသည် အချိန်တို အတွင်း အကောင်းဘက်သို့ မရောက်ရှိဘဲ ဖြစ်နေရကြောင်း အဆို တင်သွင်းစဉ် ဦးတင်ထွေးက ဆွေးနွေးခဲ့သည်။

4 March 2019