စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အမှတ်အသားတံဆိပ်၊ အလံ လွှတ်တော် အတည်မပြု

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက လွှတ်တော်ကို တင်သွင်းတဲ့ အစိုးရအဖွဲ့ အမှတ်အသား တံဆိပ်၊ အလံတို့ဟာ တတိုင်းလုံးကို ကိုယ်စားမပြုတဲ့အတွက် ကန့်ကွက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့က တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးတင်သွင်းခဲ့တာပါ။

လက်ရှိအသုံးပြုနေတဲ့ တံဆိပ်က အစိမ်းရောင်များပြီး အလယ်မှာ ခြင်္သေ့ပုံ အဝိုင်းဖြစ်ကာ အခု တင်သွင်းတဲ့ တံဆိပ်က အနီရောင်များပြီး အလယ်မှာ ခြင်္သေ့ပုံပါရှိပါတယ်။ အဆိုကို ကိုယ်စားလှယ် ၇ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

တံဆိပ်တွေမှာ အသုံးပြုထားတဲ့ ခြင်္သေ့ပုံ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့အပြင် တတိုင်းလုံးကို ကိုယ်စားမပြုတဲ့အတွက် တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတာပါ။

“ပြည်ခိုင်ဖြိုးအစိုးရတက်စဉ်က အစိမ်း၊ အန်အယ်လ်ဒီ အစိုးရဖြစ်ချိန်မှာ အနီပြောင်း သွားတာဖြစ်တယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဆိုတာကို ကိုယ်စားမပြုဘူး။ အဲဒီအတွက် လေးလေးနက်နက် ကန့်ကွက်တာဖြစ်ပါတယ်” လို့ ဒေါက်တာကျော်ဇေလင်းက ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လူမှုရေးဝန်ကြီးက လိုဂိုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူမှုရေးဝန်ကြီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မဟုတ်ဘူး။ ပြိုင်ပွဲဝင်သူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်သာဖြစ်တယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်တဲ့ အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ပြောဆိုခဲ့ပါတယ်။

အဆိုကို လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ရာမှာ မဲပေးသူ ၇၈ ဦးရှိတဲ့အထဲက ကန့်ကွက်သူ ၄၇၊ ထောက်ခံ ၄၊ ကြားနေ ၂၇ ရှိခဲ့တဲ့အတွက် အစိုးရတံဆိပ်၊ အလံအမှတ်အသားကို လွှတ်တော်က အတည်မပြုခဲ့ပါဘူး။

စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုတဲ့ တံဆိပ်က ပါတီတခုရဲ့ အမှတ်အသားနဲ့ တူညီနေတာကြောင့် ပြောင်းလဲပေးဖို့အဆိုကို ဇွန်လ ၁၁ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ ရက်နေ့မှာ မုံရွာမြို့နယ်ကိုယ်စားလှယ် ဒေါ်အမာကြည်က လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ အဆိုတင်သွင်းစဉ်ကလည်း ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါသေးတယ်။

“အန်တီတို့က စစ်ကိုင်းတိုင်းရဲ့ အလံ၊ တံဆိပ်တွေက ပါတီတခုရဲ့ အမှတ်အသားနဲ့ ထပ်တူနီးပါးတူနေလို့ ပြည်သူတွေရဲ့ အမြင်မှာ ပါတီနှင့် အစိုးရအဖွဲ့ကို ရောထွေးမြင်နေတယ်။ အဲဒါကို ပြည်သူက ဒီအချိန်မှာ သိလာကြတယ်။ ဒါကိုသိလာတဲ့အတွက် ပြောင်းလဲပေးဖို့ရာ တောင်းဆိုကြတဲ့အတွက် အဆိုတင်ခဲ့တာပါ” လို့ အဆိုရှင် ဒေါ်အမာကြည်က ဒီဗွီဘီကိုပြောဆိုခဲ့ပါတယ်။

7 March 2019