ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖျက်သိမ်းရန် ကြံ့ခိုင်ရေးအမတ် တောင်းဆို

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးအဆို ကို ပြန်ရုပ်သိမ်းပြီး ဖွဲ့စည်းပုံပြင်ဖို့ဆင်ဖို့ဖွဲ့စည်းထားတဲ့ လွှတ်တော်ပူးပေါင်းကော်မတီကိုလည်း ဖျက်သိမ်းပေးဖို့ ကြံ့ခိုင်ရေးပါတီ အမတ်က တောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၂ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ အပေါ် ဆွေးနွေးတာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပျော်ဘွယ်မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးသောင်းအေးက အခုလို ပြောတာပါ။

“အရေးကြီးအဆိုမဟုတ်တဲ့ ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့တာကို ပြန်လည်ရုပ်သိမ်းပေးပြီး ဥပဒေနဲ့မညီတဲ့ ၄၅ ဦးကော်မတီကို ဖျက်သိမ်းပေးဖို့ အရင်တုန်းကလည်း ပထမအကြိမ် လွှတ်တော်မှာ ဒီလိုဆောင်ရွက်ခဲ့တာတွေရှိပါတယ်”လို့ ဦးသောင်းအေးက ဆိုပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာထိန်းသိမ်းနိုင်ဖို့အတွက် အခုလို အကြံပြုဆွေးနွေးတာလို့ ဆိုပါတယ်။

အခုလို အန်အယ်လ်ဒီ တင်သွင်းထားတဲ့အဆိုနဲ့ ပူးပေါင်းကော်မတီကို ဖျက်သိမ်းပြီး ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်နဲ့တချို့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၁၄၃ ဦးက ဥပဒေနဲ့အညီတင်သွင်းထားတဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရမယ်လို့ ပြောပါတယ်။

“ဥပဒေနဲ့အညီတင်ပြထားတဲ့ ကိုယ်စားလှယ် ၁၄၃ ဦးရဲ့ ပုဒ်မ ၂၆၁ (ခ)(ဂ)(ဃ)(င) ပြင်ဆင်ဖို့အတွက် ဥပဒေ ကြမ်းပူးပေါင်းကော်မတီကို ပုဒ်မ ၉၆ နဲ့အညီ ပြန်လည်ဖွဲ့စည်းပြီး နည်းဥပဒေ ၁၃၃ ကနေ ၁၄၃ ထိ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ပေးပါ”လို့ လွှတ်တော်မှာ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ရေးအတွက် လူထုလှုံဆော်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ အစိုးရကိုလည်း ထိန်းကျောင်းပေးဖို့လည်း ဦးသောင်းအေးကပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ရယ်ပြုသလို နိဒါန်းကစပြီး ပြင်မယ်လို့ ကြွေးကြော်နေ တာဟာ ဖျက်ဆီးရေးကို ဦးတည်နေတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၄ ကို ဖောက်ဖျက်ရာမရောက်အောင် အချိန်မီ တားဆီးပေးဖို့နဲ့ ဖွဲ့စည်းပုံပြင်ရေးကနေ ဖျက်ဆီးရေးကို ဦးတည်နေတဲ့ လူထုလှုံ့ဆော်မှုတွေကို ထိန်းသိမ်းနိုင်အောင် အစိုးရကို ထိန်းကျောင်းပေးဖို့နဲ့ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေကို ရပ်တန့်ပြီး ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ တိုက်တွန်းအပ်ပါ တယ်”လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်မယ်ဆိုပါက ဆက်နွှယ်နေတဲ့ ပုဒ်မတွေကိုလည်း ထည့်သွင်းစိစစ်ဖို့ လိုသလို အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူတွေက စပြီး ပြင်မှ ရှေ့နောက်ညီညွတ်မှုရှိမှာဖြစ်တယ်လို့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေးကော်မတီက အစီရင်ခံစာတင်သွင်းထား ပါတယ်။

ဒါကြောင့် ပုဒ်မတခုချင်းစီကို ပြင်ဆင်ဖို့ သီးခြားတင်သွင်းတာဟာ သင့်မြတ်မှု မရှိတာကြောင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကို အန်အယ်လ်ဒီက အဆိုတင်ပြီး ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းဆောင်ရွက်ဖို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက တင်ပြထားပါတယ်။

13 March 2019