မန္တလေးမြို့ရှိ မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့အား တစ်လလျှင် ကျပ် ခြောက်သိန်း၊ ရှစ်သိန်းနှင့် ငါးသိန်း စသည့်စျေးနှုန်းများဖြင့် နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရ

{Eleven Media Group မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မန္တလေးမြို့ရှိ မင်းသားကြီး ဟိုတယ်၊ မန္တလေးစီးတီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့အား တစ်လလျှင် ကျပ် ခြောက်သိန်း၊ ရှစ်သိန်းနှင့် ငါးသိန်း စသည့်စျေးနှုန်းများဖြင့် နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဧပြီ ၁ ရက်တွင် ပြုလုပ်သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာပါ စည်ပင်သာယာရေး ကော်မတီ၏ ပုဂလိကပိုင်ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ငှားရမ်းခြင်းလုပ်ငန်းများတွင် ငှားရမ်းခနှုန်းထားများကို ယခုခေတ်နှင့် လျော်ညီသောနှုန်းထားများဖြင့် ပြင်ဆင်ချုပ်ဆိုနိုင်ရန်နှင့် ကာလတန်ဖိုးနှင့် အဆမတန် နည်းပါးစွာ ချုပ်ဆိုထားသည့် စာချုပ်များအား ပြင်ဆင်ချုပ်ဆိုရန်အတွက် မည်သည့်အခက်အခဲများရှိနေသည်ကို သိရှိလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ၇၈ လမ်းပေါ်ရှိ မင်းသားကြီးဟိုတယ်မှာ ငှားရမ်းခ တစ်နှစ်လျှင် မူလက ကျပ်သိန်း ၅၀ ဖြင့် တစ်လလျှင် လေးသိန်းကျော်သာဖြစ်ပြီး ယင်းစာချုပ်အား အစိုးရ အကူးအပြောင်းကာလတွင် တစ်လငှားရမ်းနှုန်း ခြောက်သိန်းသုံးသောင်းဖြင့် နှစ် ၇၀ ပြင် ဆင်ချုပ်ဆိုခဲ့ကြောင်း၊ ထို့အတူ ၂၆ လမ်း ၈၂-၈၃ လမ်းကြားရှိ မန္တလေးစီးတီးဟိုတယ်မှာ တစ်နှစ်လျှင် ကျပ်သိန်း ၁ဝဝဖြင့် နှစ် ၂၀ ချုပ်ဆိုထားခြင်းဖြစ်၍ တစ်လလျှင် ရှစ်သိန်းကျော်သာရှိကြောင်း သိရသည်။ ထို့အတူ ၇၈ လမ်း ၃၇-၃၈ ကြားရှိ ဟိုတယ်မန္တလေးမှာ လည်း မူလက တစ်နှစ်လျှင် ငှားရမ်းခ ၁၅ သိန်းသာဖြစ်ပြီး တစ်လလျှင် ငှားရမ်းခ တစ်သိန်းတစ်သောင်းကျော်သာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ တစ်နှစ်လျှင် ၅၈ သိန်းဖြင့် တစ်လလျှင် ငါးသိန်းခန့်သာ ရှိကြောင်းလွှတ်တော်သို့တင်သွင်းသည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာအရအသုံး စာရင်းစစ်ချုပ် တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြပါရှိခဲ့ကြောင်း သိရှိရသည်။

“ချမ်းမြသာစည်လေဆိပ်အနီး ၇၈ လမ်း သိပ္ပံလမ်းတောင်ဘက် အင်မတန်နေရာကောင်းတဲ့ မင်းသားကြီးဟိုတယ်က အကျယ်အဝန်း ၆ ဒသမ၂၅ ဧက ရှိပြီး လုပ်ကိုင်ခွင့်ရရှိတာက အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီပါ။ တစ်နှစ်မှ ကျပ်သိန်း ၅၀ ဆိုတော့ တစ်လလေးသိန်းကျော် နဲ့ ငှားခဲ့တာပါ။ နှစ်ပေါင်း ၂၀ ကို မူလသဘောတူစာချုပ်က ၂၀၁၇ ဇွန် ၆ ရက်မှာ ပြည့်ပြီဖြစ်ပါတယ်။ အဲဒီမှာ ၂၀၁၆ မတ်လ ၂၉ ရက်မှာ သက်တမ်း တိုးစာချုပ်ချုပ်ခဲ့တာပါ။ ဒါဟာ အစိုးရအကူး အပြောင်းကာလဖြစ်တဲ့အတွက် သက်ဆိုင်ရာ အစိုးရ အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။အခုတော့ ၆ဒသမ ၂၅ ဧကကို တစ်လငှားရမ်းခက ခြောက်သိန်းသုံးသောင်းကျော်ပဲရှိတာကို ဘာကြောင့်ပြင်ဆင်ဖို့ မကြိုးစားသလဲဆိုတာ သိရှိလိုပါတယ်။ ဒါဟာ နိုင်ငံတော်ဘဏ္ဍာနစ်နာမှုတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ကျွဲဆည်ကန်နဲ့ ၇၈ လမ်းတစ်လျှောက်က ပေ ၁၀၀ ပတ်လည် မြေနေရာငှားရမ်းခဟာ ကျပ်သိန်း ၃၀ အထက် ရှိပါတယ်။ အဲဒါကြောင့်စာချုပ်ကို ပြင်ဆင်ချုပ်ဆိုနိုင်ဖို့အတွက် စီမံဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ခုက ဟိုတယ်မန္တလေးပါ။ ၁ဒသမ၆၅ ဧကပါ။ ဒါကလည်း အေကေဆောက်လုပ်ရေးပဲ ဖြစ်ပါတယ်။၁၉၉၇ စက်တင်ဘာ ၉ ရက်ကနေ နှစ် ၃၀ စာချုပ်နဲ့၂၀၂၇ အထိပါ။ မြေငှားခက တစ်နှစ်ကို ၁၅ သိန်းဖြစ်နေပါတယ်။ အဲဒီတော့ တစ်လမှ တစ်သိန်းတစ်သောင်းခွဲပါ။ ၂၀၁၇-၂၀၁၈ မှာတော့ တစ်နှစ်ကို ၅၈ သိန်း နဲ့တစ်လမှာ လေးသိန်းရှစ်သောင်းပါ။ နောက်တစ်ခုကတော့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊၈၂လမ်း ၈၃ လမ်းကြားက မန္တလေးစီးတီး ဟိုတယ်ပါ ။ မြေဧက ၁ ဒသမ ၃၂၇ ဧက ဖြစ်ပါတယ်။ အောင်ပင်လယ်ကုမ္ပဏီနဲ့ စာချုပ် ချုပ်ငှားရမ်းခဲ့တာပါ။ ၂၀၀၄ ခုနှစ်ကနေပြီးတော့ တစ်နှစ်ကို သိန်း ၁၀၀ ဖြစ်တဲ့အတွက် တစ်လကို ရှစ်သိန်းကျော် ဖြစ်ပါတယ် ။ နှစ် ၂၀ ချုပ်ဆိုထားတာပါ။ အခုနောက်ပိုင်း တစ်လကို ၁၁ သိန်းကျော်ရရှိတယ်လို့ သိရပါတယ်။ ဒါတွေကို ဆက်လက်ပြီး ကာလပေါက် စျေးနဲ့တန်ဖိုးတွက်ပြီး ငှားရမ်းဖို့ အရေးတယူ ဆောင်ရွက်သင့်တယ်။ အခု ဒုမြို့တော်ဝန်နဲ့ အဖွဲ့ကို စိစစ်ဖို့ ဖွဲ့စည်းပေးထားတာ ၂၀၁၇ ဧပြီကတည်းကပါ။ အခုထိ ဘာမှမလုပ်နိုင် သေးဘူးဆိုရင် မြန်မြန်ဆန်ဆန် စိစစ်ဆောင်ရွက်ပြီး ပြည်သူများ သံသယမဝင်စေရန် ချပြသင့်ပါကြောင်း အကြံပြုလိုပါတယ်။ နောက်တစ်ခု ကတော့ ရွှေမန်းတောင်ဂေါက်ကွင်းပါ။ ၁၀၁ ဒသမ ၉၆ မြေဧကကို နိုင်ငံတကာ အဆင့်မီဟိုတယ်ဆောက်လုပ်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အဲဒီမြေဟာလည်း ကာလတန်ဖိုးထက် အဆမတန်နည်းနေတယ်လို့ သိရပြီး စာချုပ်က အစိုးရအကူးအပြောင်း စပ်ကူးမပ်ကူးမှာ ချုပ်ဆိုခဲ့တာပါ ” ဟု နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ဆွေးနွေးခဲ့သည်။

ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “မန္တလေးစည်ပင်သာယာအနေနဲ့ ဟိုတယ်မြေနေရာ အဆောက်အအုံငှားရမ်းခတွေ ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပုဂလိကပိုင် ကဏ္ဍနှင့်ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ငှားရမ်းခြင်းလုပ်ငန်းများတွင် ငှားရမ်းခနှုန်းထားများကို ယခုခေတ်နှင့် လျော်ညီသောနှုန်းထားများ ပြင်ဆင်ချုပ်ဆို ရန်အတွက် အစီစဉ်ရှိမရှိကို ပြီးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ၂၀၁၆ မှာ မေးမြန်းခဲ့ပြီး လည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ စည်ပင်ဝန်ကြီးကလည်း ၂၀၁၇ ဧပြီလဆန်းမှစပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မကုန်မီ ဆက်ပြီးပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားတာတွေနဲ့ မေးခွန်းမေးစဉ်က ဖြေကြားတာတွေနဲ့ ကွဲလွဲနေတာတွေ့ရပါတယ်။ ဒါတွေက ကွဲလွဲနေတဲ့ အချက်တွေကို အပြစ်ပြောထောက်ပြဖို့ မဟုတ်ပါဘူး။ ဒါတွေက ယခင်အစိုးရလက်ထက် စျေးနှုန်းတွေကို အကူးအပြောင်းကာလမှာ ပြင်ဆင်သတ်မှတ် သွားတာတွေပဲဖြစ်ပါတယ်။ အဲလို ပြင်ဆင် သတ်မှတ်သွားတဲ့အခါမှာ စာချုပ်တွေ ကတိကဝတ်တွေအရ လုပ်ဆောင်ရတာ အခက်အခဲကြောင့်ပဲ မလုပ်ဆောင်နိုင်တာလားဆိုတာကြောင့် ထောက်ပြဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မင်းသားကြီး ဟိုတယ်ပါ။ မင်းသားကြီးဟိုတယ်ကို စာချုပ်သက်တမ်းမကုန်ဆုံးမီ ၂၀၁၆ မတ်လ ၂၉ ရက်မှာ ပြင်ဆင်ချုပ်ဆိုသွားတာပါ။ ယခင် နှစ် ၂၀ ပေးထားတာပါ။၇ ရက် ၆ လ ၁၉၉၇ ခုနှစ်ကနေ ၆ ရက် ၆ လ ၂၀၁၇ အထိ နှစ် ပေါင်း ၂၀ သက်တမ်းပေးထားရာကနေမှ ၂၀၁၆ မှာ နှစ်ပေါင်း ၇၀ ပြင်ဆင်သတ်မှတ်လိုက်တာပါ။ ဒါတွေက အခုကျွန်တော်တို့ အစိုးရလက်ထက် မဟုတ်ပါဘူး။ အရင်အစိုးရ လုပ်ခဲ့တာပါ။ ဒါတွေကို ဥပေဒနဲ့အညီ ဘယ်လိုဖြေရှင်းကြမလဲ။အဓိကကတော့ မင်းသား ကြီးဟိုတယ်၊ ဟိုတယ်မန္တလေး၊မန္တလေးစီးတီး ဟိုတယ်တို့ကို သင့်မြတ်သော နှုန်းထားဖြင့် ပြင်ဆင်ချုပ်ဆိုရန် ဒုတိယမြို့တော်ဝန်ဦးဆောင်သော မြေငှားရမ်းတာဝန်ခံ စစ်ဆေးရေးအဖွဲ့အား ၂၀၁၇ မေလမှာ ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ ဒီကနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ဒီလိုဆောင်ရွက်နိုင်ခြင်း မရှိတာက ဘာတွေများ အခက်အခဲရှိနေလို့လဲ” ဟု ထောက်ပြဆွေးနွေးခဲ့သည်။

ယင်းသို့ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ဧပြီ ၃ ရက်တွင် ပြုလုပ်မည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ဖြေကြားမှု ပြုလုပ်မည်ဖြစ်သည်။

2 April 2019