ကာလုံဖျက်သိမ်းရန် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြု

{7Days News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ယမန်နေ့က ပြန် လည်စတင်သည့် ပြည်ထောင်စု လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)ဖျက် သိမ်းရန် အဆိုပြုသည်ဟု ရခိုင်အမျိုးသား ပါတီမှ ဦးအောင်ကျော်ဇံက ပြော ကြားသည်။

‘‘ဖျက်သိမ်းခိုင်းတဲ့ အ ကြောင်းကတော့ သမ္မတကို ဒီလုပ် ပိုင်ခွင့်ပေးတယ်၊ လုံခြုံရေးကိစ္စ၊ ကာကွယ်ရေးကိစ္စတွေ ညှိနှိုင်း စရာရှိရင် သမ္မတကနေ ကြီးကြပ်ပြီး ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိပြီး ကာလုံရယ်လို့ သက်သက် မရှိတော့ဘူး။ ဒီသဘောပဲ’’ ဟု ပူးပေါင်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ၎င်းက မီဒီယာများအား ပြောကြားခြင်းဖြစ်သည်။

အဆိုပါပူးပေါင်းကော်မတီ ဝင်အစည်းအဝေးတွင် အခြေခံ ဥပဒေပါ အခန်း(၅) အုပ်ချုပ်ရေး ဆိုင်ရာများ ဆွေးနွေးခြင်းဖြစ်ပြီး သမ္မတ၏ လုပ်ပိုင်ခွင့်အရ သင့်တော်သည့် ဌာနအဖွဲ့အစည်းများ နှင့်ညှိနှိုင်း၍ စစ်ရေးစစ်ရာနှင့် လုံခြုံရေးဆိုင်ရာကို ညှိနှိုင်းအကောင် အထည်ဖော်ရန် ရည်ရွယ်ကြောင်း ဦးအောင်ကျော်ဇံက ရှင်းပြသည်။

သြင်္ကန်မတိုင်မီကတည်းက တစ်လကြာ ရပ်နားထားသည့် ပူးပေါင်းကော်မတီအစည်းအဝေး ကို ဧပြီ ၂၂ ရက်တွင် ပြန်လည်စတင်ပြီး (၉)ကြိမ်မြောက် ပြုလုပ်သည့် အဆိုပါအစည်းအဝေး၌ အခြေခံဥပဒေပါ ပုဒ်မ ၂၀၀ မှ ၂၃၅ အထိ ဆွေးနွေးနိုင်ခဲ့သည်ဟု ကော်မတီဝင်အချို့က ဆိုသည်။

အဆိုပါပုဒ်မများတွင် နိုင်ငံ တော်သမ္မတ၏ တာဝန်နှင့် လုပ် ပိုင်ခွင့်၊ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ နုတ်ထွက်ခြင်း၊ စွပ်စွဲအပြစ်တင်ခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီဖွဲ့စည်းခြင်း စသည့် အကြောင်းအရာများ ပါဝင်သည်။

‘‘အကြံပြုချက်တို့၊ ပြင်ဆင် ချက်တို့တော့ အများကြီးတင်ကြ တာပဲရှိတယ်။ တော်တော်များ များလည်း တင်ကြတယ်။ ပါတီ တွေ အသီးသီးအနေနဲ့ပေါ့။ တကယ်တမ်းက ဖွဲ့စည်းပုံပြင်ရ တယ်၊ ပြင်မရဘူးဆိုတာက ပြင် မှပဲ သိရမှာလေ။ အပြောင်းအလဲ ဖြစ်မလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေလို့မရသေးဘူး။ ဘာလို့လဲဆို တော့ ဥပဒေကြမ်းမှ မလုပ်ရသေး တာ’’ဟု ကော်မတီဝင်အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်က ပြော သည်။ ၎င်းသည် ခြေဥပြင်ဆင် ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၌ အဆို တင်သွင်းထားသူ ဖြစ်သည်။

ပူးပေါင်းကော်မတီဆွေးနွေး မှုများ စတင်ချိန်ကတည်းက ပါဝင်ဆွေးနွေးခြင်းမရှိသေးသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော်မှ ကိုယ်စား လှယ်များသည် ယမန်နေ့က အစည်းအဝေးတွင်လည်း နှုတ် ဆိတ်နေဆဲဖြစ်သည်ဟု ဒီချုပ်ပါ တီမှ အခြား ကော်မတီအဖွဲ့ဝင် ဦးသိန်းဆွေက ပြောသည်။

အထက်ပါဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးထံ မေးမြန်းသည့်အခါ ‘‘ကာလုံ ဖျက်ဖို့ တင်တဲ့ဟာကတော့လေ၊ အများကြီးစဉ်းစားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိဖြစ် ပေါ်နေတဲ့ အခြေအနေပေါ်မှာ အခြေခံပြီးတော့ ထည့်သွင်းစဉ်း စားဖို့ လိုလိမ့်မယ်’’ဟု ၎င်းက မှတ်ချက်ပြုသည်။

ထို့အတူ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပြည်ခိုင် ဖြိုးပါတီအနေဖြင့် ပါဝင်ဆွေးနွေး မှုပြုခြင်း၊ မပြုခြင်းထက် ဥပဒေ နှင့်အညီ ပြင်ဆင်လိုသည့် အချက် များစိစစ်၍ တင်သွင်းရန်ရှိသည် ဟု ဦးသိန်းထွန်းဦးက ဆက်လက် ပြောသည်။

ပြည်ခိုင်ဖြိုးသည် တပ်မ တော်၏ထောက်ခံမှုဖြင့် အုပ်ချုပ် ရေးအခန်း(၅)တွင် ပါဝင်သည့် တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၁ ကို ပြင်ရန်နှင့် ယင်းနှင့်စပ်လျဉ်း သည့် ပုဒ်မအချို့ကို ပြင်ဆင်ရန် ဥပဒေကြမ်းနှစ်ရပ်ကို ဖေဖော်ဝါ ရီနှင့် မတ်လအတွင်း ပြည်ထောင် စုလွှတ်တော်သို့ သီးခြားတင်သွင်း ပြီးဖြစ်သည်။

ပူးပေါင်းကော်မတီက ပြည် ခိုင်ဖြိုး၏ ပြင်ဆင်ချက်ဥပဒေ ကြမ်းကို တစ်ပေါင်းတည်း ဆွေး နွေးရန် ဆန္ဒပြုထားသော်လည်း ယင်းကို တပ်မတော်နှင့် ပြည်ခိုင် ဖြိုးက လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ယင်းကိစ္စအပေါ် ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ် ၆၀ ကျော် ဆွေးနွေးပြီးဖြစ်သော်လည်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိသေးပေ။

အဆိုပါအခြေအနေတွင် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မ တီသည် လေ့လာသုံးသပ်ချက် အစီရင်ခံစာတစ်စောင်ကို ယခုနှစ် ဇူလိုင် ၁၇ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည်။

23 April 2019