ချေးငွေရယူဖို့သာ စဉ်းစားမနေဘဲ ဦးနှောက်သုံးပြီး ဖြေရှင်းရန် ရန်ကုန်စည်ပင်ကို တိုက်တွန်း

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြဿနာတခု ဖြစ်ပေါ်လာတိုင်း ချေးငွေရယူပြီး ဖြေရှင်းဖို့သာ စဉ်းစားမနေဘဲ ကိုယ်ပိုင် ဦးနှောက်ကို အသုံးပြုပြီး တတ်နိုင်သမျှ ဖြေရှင်းကြဖို့လိုတယ်လို့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) ကိုယ်စားလှယ် ဦးမျိုးဝင်းက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၃၀ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေဆောင်ရွက်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီထံကနေ ဂျပန်ယန်း ၈၂ဒသမ ၂၇၃ဘီလီယံ ချေးယူဖို့ကိစ္စအပေါ် ဆွေးနွေးစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။

အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမျိုးဝင်းက “ ဒီလုပ်ငန်းတွေဟာ နိုင်ငံခြားကနေ ငွေးမချေးရင် လုပ်လို့ မရတော့ဘူးတဲ့လား။ လုပ်ငန်းတွေကို ကြည့်တဲ့အခါ ရေကြီးရေလျှံမှုလျော့နည်းစေဖို့အတွက် ရေဆွဲကောင်းအောင် မြို့နယ် ၄ ခုက ချောင်းတွေမှာ မြေထိန်းနံရံ တည်ဆောက်ဖို့။ ရေထိန်းတံခါး၊ ရေမြောင်းတွေ တံတားတွေလုပ်ဖို့ ဖြစ်ပါတယ်။ ကျန်တဲ့ ပြည်နယ်တိုင်းတွေမှာတော့ သူ့ပြည်နယ်အလိုက် ဘတ်ဂျက် ခွဲတမ်းလေးနဲ့ပဲ ဒါတွေကို နိုင်သလောက် နှစ်အလိုက် လုပ်နေကြရတာဖြစ်ပါတယ်။ ရန်ကုန်ဆိုတာ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ဝင်ငွေအများဆုံးဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ အခွန်ရတာများသလို ပြည်ထောင်စုရဲ့ ဝေစုကိုလည်း အများဆုံးရတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၈-၂၀၁၉ အသုံးစရိတ်ကို ဘီလီယံ ၆၅၀ ကျော် လျှာထားတာတွေ့ရပါတယ်။ ဒုတိယအများဆုံး မန္တလေးတိုင်းဟာ သူ့ရဲ့ တဝက်တောင် မသုံးရရှာပါဘူး”လို့ပြောပါတယ်။

ရန်ကုန်စည်ပင်နဲ့  မန္တလေးစည်ပင်ကို နှိုင်းယှဉ်ပြီးလည်း  မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) ကိုယ်စားလှယ် ဦးမျိုးဝင်းကပြောကြားသွားပါတယ်။

“ရန်ကုန်နဲ့ မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဖေ့စ်ဘွတ်ခ်မှာ ပြည်သူတွေ အမှတ်ပေးကြတာ ကြည့်မိတဲ့အခါမှာ လူတွေရဲ့ စီမံခန့်ခွဲနိုင်မှုဟာ ပိုအရေးကြီးတယ်ဆိုတာကို မြင်မိပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂ ဘီလီယံလောက်တောင် အကုန်ခံလုပ်ခဲ့ပြီး ဒါကြမှ ဘာကြောင့် ငွေချေးပြီး လုပ်ရတာလည်းဆိုတာ စဉ်းစားမရဘူး။ ပြဿနာ တခုတွေ့တိုင်း ငွေချေးပြီး ဖြေရှင်းဖို့ချည်း မစဉ်းစားဘဲ နိုင်ငံဆင်းရဲနေချိန်မှာ မိမိရဲ့ နောင်မျိုးဆက်တွေ အကြွေးနွံထဲ ရုံးထွက်ရနိုင်အောင် တတ်နိုင်သမျှ မိမိရဲ့ ဦးနှောက်ကို အားကိုးပြီး အားထုတ်ပြီး ဖြေရှင်းပေးကြပါ” လို့ လွှတ်တော်အမတ် ဦးမျိုးဝင်းက ပြောပါတယ်။

ဒီဆွေးနွေးမှုတွေအရ ချေးငွေရဲ့ ၈၅ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးက မြို့ပြဖွံ့ဖြိုးရေးနဲ့ မိလ္လာကဏ္ဍတို့အတွက် သုံးစွဲမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ၁၅ ရာခိုင်နှုန်းကိုတော့ ရန်ကုန်နဲ့ မန္တလေး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုးတက်ရေး ကဏ္ဍမှာ အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်စည်ပင်က အသုံးပြုမယ့် ချေးငွေပမာဏအပေါ်မှာတော့ ထောက်ခံတဲ့ ကိုယ်စားလှယ်တွေရှိသလို နှစ်အလိုက်ရရှိတဲ့ ဘဏ္ဍာငွေကနေ လုပ်ဆောင်လို့ရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ အတွက် ချေးငွေရယူဖို့မလိုဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ သဘောမတူတဲ့ ကိုယ်စားလှယ်တွေလည်း ရှိနေခဲ့တာပါ။

နောက်ဆုံးတင်သွင်းထားတဲ့ ကြွေးမြီဆိုင်ရာအစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီးကနေ ချေးယူထားတဲ့ ပြည်ပကြွေးမြီပမာဏဟာ အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၆ သန်းရှိနေတာဖြစ်ပါတယ်။

အဲဒီချေးငွေတွေထဲကနေ အမှန်တယ် ထုတ်ယူသုံးစွဲနိုင်တဲ့ ပမာဏဟာ ၂၁ သန်းခန့်သာ ရှိတဲ့အတွက် ချေးငွေရယူဆောင်ရွက်နေတဲ့ လုပ်ငန်းတခုချင်းစီရဲ့ အခြေအနေ အစီရင်ခံစာဖော်ပြချက်တွေကို စုစည်းတင်ပြပေးဖို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးက တောင်းဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က “ရန်ကုန်တိုင်းမှာ ရှိနေတဲ့ ချေးငွေဟာ Over ဖြစ်နေပြီ။ အဲတော့ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြန်ရှင်းတဲ့နေရာမှာ ရန်ကုန်တိုင်းရဲ့ ၅၆၄ ဒသမ ၆ သန်းမှာ ပရောဂျက် တခုအလိုက် ခေါင်းစဉ်နဲ့ ဘာကြောင့် ချေးတယ်။ ဘယ်လိုချေးတယ်။ ဘတ်ဂျက် ဘယ်လောက်သုံးထားတယ် ဆိုတာတွေကို ကျနော်တို့ကိုရှင်းပြပေးပါ”လို့ တောင်းဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနဲ့ ရန်ကုန်မြို့ မိလ္လာစနစ်ကဏ္ဍတို့အတွက် ချေးယူမယ့် ချေးငွေ ပမာဏဟာ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုရဲ့ စုစုပေါင်းအသုံးစရိတ်ထက် ပိုမိုများပြားနေတဲ့အတွက် ထောက်ပြပြောဆိုစရာ ဖြစ်လာနိုင်တယ်ဆိုတာလည်း သတိပြုဖို့ ကိုယ်စားလှယ်တချို့ကဆွေးနွေးပြောဆိုသွားပါတယ်။

30 April 2019