အဂတိတိုက်ဖျက်ရေး လက်ခုပ်သံရရုံမလုပ်ဘဲ အမြစ်ဖြတ်ချေမှုန်းသင့်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လက်ခုပ်သံရရုံ ရည်ရွယ်ပြီး မလုပ်သင့်ဘဲ အမြစ်ဖြတ်ပြီး ချေမှုန်းသင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မေ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် ကိုယ်စားလှယ်တွေ ဆွေးနွေးရာမှာ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က အခုလို ပြောလိုက်တာပါ။

အစီရင်ခံစာအရ အဂတိလိုက်စားမှုနဲ့ ဥပဒေအရ အရေးယူခဲ့တာ ၄၆ မှုပဲ ရှိတဲ့အတွက် ဒီအရေအတွက်ဟာ အလွန်နည်းပြီး ဝန်ကြီးဌာနတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့အမှု အလွန်များတယ်လို့ ဆိုပါတယ်။

အဲဒီဌာနတွေဟာ တာဝန်သိသိနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ခဲ့မယ်ဆိုရင် ကော်မရှင်တောင် ဖွဲ့စရာမလိုဘူးလို့ ပြောပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုကို အမြစ်ဖြတ် ချေမှုန်းသင့်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“အဲဒီဌာနတွေဟာ ကိုယ့်ဌာနမှာ အဂတိလိုက်စားမှု ကျူးလွန်နိုင်တဲ့ ယိုပေါက်တွေကို သူတို့တွေ အသိဆုံးပါ။ ဘယ်နေရာမှာ ဘယ်လို အဂတိတရားတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာ သိတယ်။ တကယ်လို့သာ အဲဌာနတွေအားလုံးက အဂတိလိုက်စားမှုကို တာဝန်သိသိနဲ့ အရင်ကတည်းက လုပ်ခဲ့ရင် ဒီကော်မရှင်တောင် ဖွဲ့စရာမလိုပါဘူး။ ဘာကြောင့်လဲဆို ဖဆပလ အစိုးရ လက်ထက်တုန်းက စသုံးလုံးနဲ့ပဲ ပြီးသွားတယ်။ အားလုံးကို စသုံးလုံးက စောင့်ကြည့်ပြီးတော့ လုပ်တယ်။ အဲတော့ အခု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကေ်ာမရှင်ကို ဖွဲ့နေရပြီ။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရသစ်လက်ထက် အသစ်ဖွဲ့တဲ့ ကော်မရှင်မှာ တော်တော်လေးကို ထိထိရောက်ရောက် လုပ်နိုင်တဲ့အတွက် ပြည်သူတွေအားလုံးကလည်း သဘောကျတယ်၊ လက်ခုပ်တီးကျတယ်။ ဒါပေမယ့် လက်ခုပ်သံရရုံနဲ့ ရည်ရွယ်ပြီး မလုပ်သင့်ပါဘူး။ အဂတိလိုက်စားမှုကို အမြစ်ဖြတ်ပြီး ချေမှုန်းသင့်ပါတယ်” လို့ ပြောပါတယ်။

အဂတိလိုက်စားမှုတွေက ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာမှာလည်း အခုထက် သိမ်းဆည်းနိုင်မယ်ဆိုရင် ပိုအကျိုးရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ Political Post တွေရဲ့ အဂတိလိုက်စားမှုတခု ရှိတဲ့အတွက် စိတ်ချရတဲ့သူကိုပဲ တာဝန်ပေးသင့်တယ်လို့ ပြောပါတယ်။

“Political Post တွေနဲ့ ပတ်သက်ပြီးတော့ အရေးယူခြင်းဟာ ဒီလူတွေကို ခန့်အပ်တာဝန်ပေးတဲ့ လူတွေမှာရော တာဝန်မရှိဘူးလား၊ ဒါ လူမှန်နေရာမှန်ရအောင် လုပ်သင့်တယ်။ ရှေ့ကိုလည်း တာဝန်ပေးတဲ့ နေရာတွေမှာ အဂတိမလိုက်စားမယ့်လူ၊ မှန်မှန်ကန်ကန် ယုံကြည်စိတ်ချရမယ့်လူတွေကို တာဝန်ပေးသင့်ပါတယ်။ အဲဒါကြောင့်မို့ ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့်တွေ ဒီထက်ပိုပေးသင့်တယ်။ ရဲရဲဝံ့ဝံ့ လုပ်သင့်တယ်၊ ကော်မရှင်က တစုံတရာ လုပ်မယ်ဆိုရင် အစီရင်ခံစာ တင်ပြရတာမျိုးတွေ၊ ခွင့်တောင်းရတာမျိုးတွေ မရှိဘူးလို့တော့ ထင်ပါတယ်” လို့ ဦးရဲထွဋ်က ဆိုပါတယ်။

အစီရင်ခံစာအရ တိုင်ကြားစာလက်ခံရရှိမှုဟာ ၂၀၁၈ ခုနှစ်အတွင်း အရင်နှစ် အလားတူကာလထက် ၅ ဆခန့် ပိုမိုများပြားပြီး စုစုပေါင်း ၁၀၅၃၄ စောင်ရှိတယ်လို့ သိရပါတယ်။

ဒီတိုင်ကြားစာတွေထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးခဲ့တဲ့ တိုင်ကြားစာ ၄၆ စောင်၊ နိုင်ငံဝန်ထမ်း ဥပဒေအရ အရေးယူသင့်တယ်လို့ စစ်ဆေးတွေ့ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေကို လွှဲပြောင်းပေးခဲ့တဲ့ တိုင်ကြားစာ ၁၇၉၅ စောင်ရှိပါတယ်။ အစိုးရအဖွဲ့အစည်းတွေကို လွှဲပြောင်းပေးခဲ့တဲ့ တိုင်ကြားစာတွေအနက် နိုင်ငံဝန်ထမ်းဥပဒေအရ အရေးယူခဲ့ကြောင်း ပြန်ကြားလာတာ ၅၃၆ စောင် ဖြစ်ပါတယ်။

10 May 2019