တပ်မတော်သည် အစိုးရ လက်အောက်တွင် ရှိ၊ မရှိ လွှတ်တော်တွင် လူသိရှင်ကြား မေးခွင့်မရ

{The Irrawaddy News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တပ်မတော်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ရှိ၊ မရှိကို ပြည်သူ့လွှတ်တော်တွင် လူသိရှင်ကြား မေးမြန်းခွင့် မရခဲ့ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

သို့သော် ကြယ်ပွင့်ပြ မေးခွန်းအဖြစ် လွှတ်တော်တွင် ဖြေကြားပေးမည် မဟုတ်သော်လည်း မေးမြန်းသူ ကိုယ်စားလှယ်ထံသို့ စာဖြင့် ပြန်ကြားပေးမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ညွှန်ကြားရေးမှူးချုပ်မှ တဆင့် အကြောင်းပြန်ခဲ့သည်ဟု ယင်းမေးခွန်းကို မေးမြန်းခဲ့သူ ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလင်းလင်း က ပြောသည်။

ဦးသန်းလင်းလင်း က “မနေ့က ညအထိ ပါတယ်။ ဒီနေ့မှ မပါတော့ဘဲ ဒီကိစ္စကို Cancel လုပ်လိုက်တော့ ညွှန်ချုပ်ကို မေးကြည့်တဲ့အခါမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးက ခွင့်မပြုဘူးပေါ့နော်။ ကျနော်ကို စာဖြင့်ပြန်ဖြေမယ်။ ကြယ်ပွင့်မပြ ဖြစ်သွားတာပေါ့။ ကျနော်ကတော့ လူသိရှင်ကြားပဲ ဖြစ်ဖြစ်၊ စာနဲ့ပဲ ဖြစ်ဖြစ် ၂ ခု စလုံးကို ကျေနပ်ပါတယ်။ မေးလိုက်ရတဲ့အတွက် ကျေနပ်တယ်” ဟု ပြောသည်။

ဦးသန်းလင်းလင်း၏ မေးခွန်းမှာ “တပ်မတော်သည် ပြည်ထောင်စု အစိုးရ၏ ဦးဆောင်မှုအောက်တွင် ရှိ၊ မရှိနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ” ဖြစ်သည်။

အဆိုပါ မေးခွန်းကို ကြယ်ပွင့်မပြသို့ ပြောင်းခြင်း၊ လွှတ်တော် အစီအစဉ်တွင် မထည့်သွင်းခြင်းတို့ ဆုံးဖြတ်သည်မှာ ပြည်သူ့ လွှတ်တော်  ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်အပြီးတွင် မီဒီယာများသို့ ပြောသည်။

လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းဆိုပါက အစိုးရ အဖွဲ့ မှ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တဦးဦး ကိုယ်တိုင် လွှတ်တော်သို့ လာ ရောက်ဖြေဆိုရပြီး ကြယ်ပွင့်မပြ မေးခွန်း ဖြစ်သွားပါက သက်ဆိုင်ရာ ကာယကံရှင် ကိုယ်စားလှယ်ထံသို့သာ လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် မေးခွန်းကို ဖြေကြားပေးခြင်း ဖြစ်သည်။

ဦးသန်းလင်းလင်း က “လက်ရှိ ပြည်သူလူထုရဲ့ ကြားမှာ လက်ရှိ စိတ်နေစိတ်ထားကို မြင်ကြည့်တဲ့အခါမှာ ပြည်သူရဲ့ အမြင်က တပ်မတော်က တဖက်၊ အစိုးရက တဖက်လို့ မြင်နေတယ်။ အပွင့်လင်းဆုံးနဲ့ အရိုးသားဆုံး ပြောရရင် ဒီမေးခွန်းလေးကို ခေါင်းစဉ်လေးတခုနဲ့ပဲ ကျနော် မေးမယ်။ ကျနော် သိချင်လို့ တိုင်းရင်းသား တယောက်အနေနဲ့ မေးတာပါ” ဟု ပြောကြားသည်

လက်ရှိ အခြေအနေတွင် တပ်မတော်နှင့် အစိုးရက ပူးပေါင်း ဆောင်ရွက်နေသဖြင့် မည်သူက ကြီးစိုးနေသလဲ ဆိုသည်ကို မပြော ချင်ကြောင်း၊ တဦးနှင့်တဦး အပြန်အလှန် အလုပ်လုပ်ရင်း ထိန်းကျောင်းနေသည်ဟု မြင်ကြောင်း၊ ပြည်သူကမူ အမျိုးမျိုး မြင်နေကြောင်း၊ ယခု မေးခွန်းကို ပါတီစိစစ်ရေးအဖွဲ့ က ခွင့်ပြုခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုခြင်း ဖြစ်ကြောင်း ၎င်းက ပြော သည်။

NLD မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် က “၂၀၀၈ ဖွဲ့ စည်းပုံမှာကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍက ၂၅ ရာခိုင်နှုန်းက စပြီး အစိုးရအဖွဲ့ ထဲမှာ ဆိုရင်လည်း ဘယ်ပါတီ အာဏာရရ အာဏာရပါတီရဲ့ ရွေးချယ်မှုထဲမှာ ရှိမနေဘူးလေ။ သူ့ ဝန်ကြီးဌာန ၃ ခု ဆိုရင်လည်း ဒီအတိုင်းပဲ။ ၂၀၀၈ ဖွဲ့ စည်းပုံရဲ့ ပေးထားချက် အတိုင်းဆိုရင် ဒီမိုကရေစီကျတဲ့ နိုင်ငံတွေကလို ဖြစ် မနေသေးတာတော့ သေချာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များ အတိုင်း အတိအကျ ဆောင်ရွက်နေ သော်လည်း အုပ်ချုပ်ရေးတွင် သမ္မတသည် အထွတ်အထိပ်ဟု ပြဌာန်းထားသဖြင့် အခြေခံ ဥပဒေနှင့်အညီ တချို့ ကိစ္စရပ်များတွင် သမ္မတထံသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တပ်မတော်ရဲ့ လုပ်ဆောင်ချက် မှန်သမျှကို စစ်ဆင်ရေးတွေနဲ့ ပတ်သက်တာတွေ တချို့ လုပ်ဆောင် ချက်တွေ မှန်သမျှပါ ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံတော် သမ္မတထံကို အသိပေးပြီးမှ လုပ်ဆောင်လျက်ရှိတယ်။ ရခိုင်ပြည်နယ်မှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း အစိုးရနဲ့ သမ္မတရုံးဆီကို တင်ပြရတယ်။ အတည်ပြုချက် ရယူပြီးမှ လုပ်ဆောင်ရတဲ့ အခြေ အနေမှာ ရှိတယ်” ဟု ရှင်းပြသည်။

စစ်ဘက် တရားစီရင်ရေး ကိစ္စမှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံတွင် လုပ်ပိုင်ခွင့် ရှိသော်လည်း နိုင်ငံတကာတွင် လည်း နည်းတူဖြစ်ကြောင်း၊ တပ်မတော်သားများသည် စစ်ဘက်၊ အရပ်ဘက် ဥပဒေ ၂ ခု စလုံးကို လိုက်နာရကြောင်း၊ တန်းပြည့် စစ်မှုထမ်းနေချိန် မဟုတ်လျှင် လူသတ်မှု၊ မုဒိမ်းမှုများကို အရပ်ဘက်သို့ လွှဲပြောင်းစစ်ဆေးခွင့် ပြုထားကြောင်း ၎င်းက ပြောသည်။

လက်ရှိ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ ယခင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြား ဆက်ဆံရေးကဲ့သို့ နီးကပ်သည့် ဆက်ဆံရေးမျိုးတွင် မဟုတ်ဘဲ သံတမန် ဆက် ဆံရေးမျိုးသာ ရှိသည်ဟု နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်သည်။

သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကြား ၂ ဦးတည်း တွေ့ဆုံပြီး တိုင်းပြည်၏ မျက်မှောက်ရေးရာကိစ္စရပ်များကို ဆွေးနွေးပြောဆိုမှုများ ရှိသည်ဟု သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ပြောဆိုထားသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်း က “အရပ်ဖက်ဘောင်ကို ချဲ့ ရမယ်။ အရပ်ဖက်ဘောင်ကို မချဲ့ နိုင်တဲ့အခါကျတော့ စစ်ဘောင်က ပိုကျယ်လာတာပေါ့။ ဥပမာ အစိုးရ ဘက်က လုပ်နိုင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ ကာ/လုံ ခေါ် တာတို့။ အဲဒီ ကာလုံအစည်းအဝေးမှာ ကိုယ်လိုချင်တဲ့ Guide Line ချတာတို့ စသည်ဖြင့်ပေါ့နော်” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရက မဦးဆောင်နိုင်ပါက တပ်မတော်က သူ့သဘောသူဆောင်မည့် သဘောပိုများလာနိုင်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေက လည်း တပ်မတော်ကို အခန်းကဏ္ဍတခု ထည့်၍ပင် အသိအမှတ်ပြုထားရာ ၎င်းထံတွင် သီးသန့် လုပ်ပိုင်ခွင့်များ ရှိကြောင်း၊ တချို့ ကိစ္စရပ်များတွင် အရပ်ဘက်က ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့် ကိစ္စရပ်များပင်ရှိကြောင်း ၎င်းက ထောက်ပြသည်။

ဦးအောင်သူငြိမ်း က “ကာကွယ်ရေး ဦးစီးချုပ်ဆိုရင် ဒုတိယ သမ္မတနဲ့ ညီတယ်ဆိုပြီး သတ်မှတ်ထားတာမျိုးတွေ ရှိတယ်။ ကျနော်တို့ သိသလောက် ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က ပြည်တွင်းထဲမှာ ခရီးသွားမယ်ဆိုရင် သူသမ္မတကို အကြောင်းကြားပါတယ်။ စာနဲ့ အကြောင်း ကြားတယ်။ တကယ်လို့ သူနိုင်ငံတကာ ခရီးထွက်မယ်ဆိုရင် လူကိုယ်တိုင် သတင်းပို့တာမျိုးတွေ ရှိတယ်။ သူ့ဘက်ကနေ ပရိုတို ကောအတိုင်း လိုက်နာတာ ရှိပါတယ်။ တချို့ ကိစ္စတွေမှာ လက်ရှိ သမ္မတက ဒီထက်ပိုပြီး လုပ်နိုင်ဖို့၊ ဦးဆောင်မှု ပေးနိုင်ဖို့ လိုနေ တယ်လို့ ထင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြိုးစားနေရာ တပ်မတော်၏ ပါဝင်မှုသည် အလွန် အရေးကြီးသဖြင့် လက်ရှိ အာဏာရ ပါတီကမူ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူဖြင့် တပ်မတော်ကို စည်းရုံးလျက် နိုင်ငံရေး ခရီး ရှေ့ဆက်နိုင်ရန် ကြိုးစား အားထုတ်လျက်ရှိသလို တချိန်တည်းတွင်လည်း တပ်မတော် အာဏာပြန်သိမ်းမည်ကိုလည်း စိုးရိမ်ပူပန်မှုများ ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။ ယခု အချိန်တွင် ၎င်းတို့အားလုံးသည် အသက် ၆၀ ပြည့်ပြီ ဖြစ်သော်လည်း သက်ပြည့်ပင်စင် မယူကြသေးပါ။

10 May 2019