လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်တွင်မေးမြန်း

{Eleven Media Group မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်းသိရသည်။

နေပြည်တော်၌ မေ ၁၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေး ရပ်နားတဲ့အချိန်မှာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေကို သွားရောက်ပြီးတော့ မဲဆန္ဒရှင်များနဲ့တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဖိတ်ကြားလို့ အခမ်းအနားများတက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် စရဖများဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ဖိတ်ကြားချက်အရ အခမ်းအနားကို တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အစည်းအဝေးများမှာ သတင်းရယူ၍ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို နားလည်မှုပေးနိုင်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေမှာ မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတဲ့နေရာမှာ ၎င်းတို့ရဲ့ စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းများဟာ မဲဆန္ဒရှင်ပြည်သူကိုရော လွှတ်တော်ကိုယ်စားလှယ်ကိုပါ လွတ်လပ်မှုမရှိသလို၊ လုံခြုံမှုမရှိသလို၊ တရားဥပဒေစိုးမိုးမှု မရှိသလို ခံစားနေရပါတယ်” ဟု ဦးခင်ဇော်က ပြောကြားသည်။

ထိုသို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များက ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ ပုဒ်မ ၆၂ ပါ ပြည်သူများက ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအား ရွေးချယ်မဲ ပေးခဲ့သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့်ပြည်စုံသော အများက လေးစားထိုက်သည့် ပုဂ္ဂိုလ်များဖြစ်သည်ဆိုသည့် ပြဋ္ဌာန်းချက်ကို အဟောသိကံဖြစ်စေကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေဒေသအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး ထူးခြားမှုသတင်းများအား ရယူပြီး ဒေသတွင်းရှိ အရေးကြီး အဆောက်အအုံများနှင့် အရေးကြီးပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရေးအတွက်လည်း ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသို့ ပုဂ္ဂိုလ်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်သတင်းရယူခြင်းမျိုးမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရပ်နားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်းများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စများသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနဲ့ စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များမဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်သောကြောင့် အလွယ်တကူ သတင်းရရှိနိုင်သည့် ကိစ္စရပ်များ ဖြစ်တဲ့အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ဆန့်ကျင်ချိုးဖောက်သည်ဟု ဆိုနိုင်မည်မဟုတ်ကြောင်းနဲ့ အများပြည်သူနဲ့အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

10 May 2019