အခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံအတွက် အသက်တမျှအရေးကြီးဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

{7Days News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးကြောင်းနှင့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စိတ်ရင်းစေတနာ မှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယ က ဦးတီခွန်မြတ်က ယမန်နေ့တွင် တိုက်တွန်း ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကျောင်းကုန်းအမတ် ဦးသိန်းထွန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး တင်သွင်းသည့် ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး(ပုဒ်မ ၂၆၁ ပြင်ဆင်ရေး) ဥပဒေကြမ်းနှင့်ပတ် သက်၍ မေလ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းမပြုမီ နာယက ဦးတီခွန်မြတ်က ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ဥပဒေတွေ အားလုံးထဲမှာ အရေးအကြီးဆုံး ဥပဒေ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်ရင်းစေတနာမှန်နဲ့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ပုဒ်မများကို အားလုံးက ဝိုင်းဝန်းဆန်းစစ်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှသာလျှင် ပြည်ထောင်စုကြီးနဲ့တကွ နိုင်ငံသူ၊နိုင်ငံသား၊ တိုင်းရင်းသားများ အားလုံးအတွက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်’’ဟု ဦးတီခွန်မြတ်က ပြောသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး လွှတ်တော် အဆုံးအဖြတ်ရယူရန် တင်ပြခဲ့သည်။

သို့သော် ဦးသိန်းထွန်းအပါ အဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးတင်သွင်းထားသော အခြေခံဥပဒေပြင်ဆင် ရေး ဥပဒေကြမ်းသည် ဒီချုပ်အမတ် ဦးအောင်ကြည်ညွန့်၏ အရေးကြီးအဆိုအရ ဖွဲ့စည်းထားသော ၄၅ ဦးပါ အခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီနှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ မဲခွဲဆုံးဖြတ်ခြင်းကို လက်မခံကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ယမန်နေ့တွင် ဗိုလ်မှူးချုပ်မောင်မောင်က လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၏ အစီရင်ခံစာ တင်သွင်းမှုအပြီးတွင် ပြည်ထောင်စုလွှတ်တော်၌ မတ် တတ်ရပ်၍ ကန့်ကွက်ပြောကြားသော်လည်း နာယက ဦးတီခွန်မြတ်က ဆွေးနွေးရမည့်အချိန် မဟုတ်ဟု ဆိုကာ မိုက်မပေးဘဲ ပူးပေါင်းကော်မတီ အစီရင်ခံစာ တင်ပြချက်အတိုင်း မဲခွဲဆုံးဖြတ် ရန် အသိပေးခဲ့သည်။

‘‘လွှတ်တော်နာယက အနေနဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဆွေးနွေးခွင့် မပြုတော့ပါဘူး။ ကန့်ကွက်ရင် ဆန္ဒမဲခွဲတဲ့အချိန် ကန့်ကွက်နိုင်ပါတယ်’’ ဟု နာယက ဦးတီခွန်မြတ်က ပြောသည်။

မဲခွဲဆုံးဖြတ်မှုတွင်  ပုဒ်မ ၂၆၁ပြင်ဆင်ရေးဥပဒေကြမ်းကို  ၄၅ ဦးပါ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီက တပေါင်း တည်း လေ့လာစိစစ်ရန်အဆိုက ဆန္ဒမဲပေးခွင့်ရှိသူ ၆၀၀ အနက် ထောက်ခံမဲ ၃၈၀ ရရှိခဲ့၍ ယင်းဥပ ဒေကြမ်းကို လွှတ်တော်၌ဆက် လက်ဆွေးနွေးကာ အဆုံးအဖြတ်ရယူရန်အဆို ရှုံးနိမ့်ခဲ့သည်။ ထို့အတွက် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်နှစ် ရပ်စလုံးမှ ဥပဒေကြမ်း ကော်မတီဝင် များ အားလုံးပါဝင်ဖွဲ့စည်းထား သော ဥပဒေကြမ်းလေ့လာစိစစ် ရေးပူးပေါင်းကော်မတီ ( ၄၅ ဦးပါအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ)၏ လုပ်ငန်းစဉ် တွင် တစ်ပါတည်းထည့်သွင်း ဆွေးနွေးမည် ဖြစ်သည်။

သို့သော် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကို လေ့လာစိစစ် ရေး ပူးပေါင်းကော်မတီက လက်ရှိအထိ ဆွေးနွေးဆောင်ရွက်ခြင်း မရှိဘဲ ယင်းဥပဒေကြမ်းကို  ၄၅ ဦးပါ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီလုပ်ငန်းစဉ်ထဲတွင် ထည့်ရန်သာ တစ်နည်းမဟုတ်၊ တစ်နည်းနည်းမျိုးစုံဖြင့် မလိမ့်တပတ် ဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးချုပ်မောင်မောင် က ဝေဖန်သည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်း လေ့လာစိစစ်ရေးပူး ပေါင်းကော်မတီ ပထမလေ့လာ တွေ့ရှိချက်နှင့်  သဘောထားမှတ် ချက် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်  ၆၃ ဦးကဆွေးနွေးပြီး ၄၅ ဦးပါ အခြေခံဥပ ဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မ တီက တပေါင်းတည်းလေ့လာ ဆောင်ရွက်သင့်ကြောင်းနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယင်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြုဆောင်ရွက်သင့် ကြောင်းဟူသော Issue နှစ်ခု ပေါ်ပေါက်လာသည်ဟု ဒေါက်တာမြတ်ဉာဏစိုးက ယမန်နေ့တွင်၎င်းတို့ပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားစဉ် ထည့်သွင်းပြောကြား သည်။

15 May 2019