မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် JICAထံမှ ဂျပန်ယန်း (၈၂) ဘီလီယံကျော် ချေးယူမည်

{Popular News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို
ကလစ်ပေးပါ။}

ဖော်ပြပါအကြောင်းအရာနှင့် ပတ်သက်၍ ပြည်သူတစ်ယောက်အနေဖြင့် မည်ကဲ့သို့ ထင်မြင်ယူဆမိသည်ကို လွတ်လပ်စွာ ဆွေးနွေးတင်ပြ မှတ်ချက်ပေးဖို့ရာ ဖိတ်ခေါ်အပ်ပါသည်။

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း (၈၂ဒသမ၂၇၃) ဘီလီယံကို ချေးယူရန်အတွက် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။

အဆိုပါ ပြည်ပချေးငွေအတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြုပြီး ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာတွင် ထောက်ခံဆန္ဒမဲ (၅၂၁)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၁၅) မဲနှင့် ကြားနေဆန္ဒမဲ (၇) မဲ ရရှိခဲ့သည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ”ဒီချေးငွေကို ရယူအသုံးပြုမယ့်ဌာန၊ အဖွဲ့အစည်းများအနေနဲ့ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုဆွေးနွေးချက်များကိုပါ အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း”မှာ ကြားခဲ့သည်။

အဆိုပါချေးငွေမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း (၄၅ဒသမ၉) ဘီလီယံ၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း (၂၄ဒသမဝ၈၅) ဘီလီယံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ပြဧရိယာဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေးစီမံကိန်းအတွက် ဂျပန်ယန်း (၁၂ဒသမ၂၈၈) ဘီလီယံ စုစုပေါင်း(၈၂ဒသမ၂၇၃) ဘီလီယံကို ချေးယူမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများမှာ ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှု ပင်မစီမံကိန်းပါ ဦးစားပေးလုပ်ငန်းရပ်များဖြစ်ခြင်း၊ ပြည်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ခြင်း၊ ပတ်ဝန်းကျင်ဂေဟစနစ်ကို ပိုမိုသန့်ရှင်းစေပြီ းလုံခြုံစိတ်ချမှုရရှိစေခြင်း၊ ပြည်သူတို့၏ ကျန်းမာရေးအသုံးစရိတ်နှင့် လုပ်အားဆုံးရှုံးမှုကို လျော့နည်းသက်သာစေခြင်း၊ သွားလာဆက်သွယ်မှု ပိုမိုမြန်ဆန်လာခြင်းကြောင့် ခရီးကြန့်ကြာမှုအချိန်နှင့် လုပ်အားဆုံးရှုံးမှုများကို လျော့နည်းသက်သာစေခြင်းနှင့် လမ်းအသုံးပြုသူများ၊ မိလ္လာအသုံးပြုသူများ၊ ရန်ကုန်မြို့နေထိုင်သူများ စည်းကမ်းတကျလိုက်နာဆောင်ရွက်သည့် အလေ့အထကိုတိုးပွားစေခြင်းဟူသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် ယင်းစီမံကိန်းများမှာ ဆောင်ရွက်သင့်သည့် လုပ်ငန်းများဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။

20 May 2019