သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို လျော့ချရန် ကြံ့ခိုင်ရေးပါတီ ဥပဒေကြမ်းတင်

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့် အာဏာကို လျော့ချဖို့အတွက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က  ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းလိုက်ပါတယ်။

မေလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး လက်မှတ်ရေးထိုးတင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်နာယကက လွှတ်တော်ကို အသိပေးတင်ပြခဲ့ပါတယ်။

အဲဒီ ဥပဒေကြမ်းမှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄ ခုကို ပြင်ဆင်သွားဖို့ ပါဝင်ပြီးနိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာလျော့ချပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေအပေါ် အာဏာခွဲဝေပေးနိုင်ဖို့ပါဝင်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အမြင့်ဆုံး ဆုံးဖြတ် နိုင်ခွင့်ရရှိထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လွှဲပြောင်းပေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြင်ဆင်ရေး ဥပဒေကြမ်းတင်သွင်းခဲ့သူ ဒေါက်တာမောင်သင်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် ထောက်ခံ လက်မှတ်ရေးထိုးတင်ပြနိုင်ဖို့အတွက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် အင်အားနဲ့ သတ်မှတ် အရေအတွက် မပြည့်မှီတဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုး ပေးနိုင်ဖို့ အချိန် ၁ လလောက် ရယူပြီး ညှိနှိုင်း ဆောင်ရွက်ခဲ့ရတယ်လို့ ကြံ့ခိုင်ရေး ပါတီကိုယ် စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်မောင်မောင်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ အသေးစိတ် သိရှိခြင်း မရှိပေမယ့်  ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ထောက်ခံအင်အားလိုအပ်လို့ အကူအညီတောင်းခံလာတဲ့အတွက် ထောက်ခံပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအားလုံး ပါဝင်တဲ့အဖွဲ့က လေ့လာစိစစ်သွားမှာ ဖြစ်ပါတယ်။

29 May 2019