ပြည်ကြီးတံခွန် ရေပေးဝေရေး စီမံကိန်းဖော်ဆောင်ရန် ပြည်ပချေးငွေယူမည့် အစီအစဉ် လွှတ်တော်တွင် ထောက်ခံ

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းဆောင်ရွက်ရန် ချေး ငွေရယူမည့် အစီအစဉ်အပေါ် လွှတ်တော်ကိုယ်စား လှယ်များက ဝိုင်းဝန်းထောက်ခံပြီး အခြားတိုင်း နှင့် ပြည်နယ်များ နမူနာယူသင့် ကြောင်း အကြံပြုသည်။

ထိုစီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ ပုဂ္ဂလိဖွံ့ဖြိုးရေး ဘဏ်များဖြစ်သည့် FMO နှင့် ING ဘဏ်တို့မှ ယူရို ၂၉ ဒသမ၉၆ သန်း ချေးယူမည့် အစီအစဉ်နှင့်ပက်သက်၍ ဇွန်လ ၄ ရက်ကကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာ ထောက်ခံကြခြင်းဖြစ်သည်။

‘‘စမတ်စီးတီးအဖြစ် ကြိုးပမ်းဆောင်ရွက်နေရာမှာ သိသာမြင် သာသော အောင်မြင်မှုများ ရရှိနေတာကို အများသူငါ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံလိုအပ် ချက် ရေကောင်း၊ ရေသန့်လုံ လောက်စွာ ရဖို့လိုပါတယ်။ ဒါ ကြောင့် ဒီချေးငွေချေးယူမည့် အစီအစဉ်အပေါ် ထောက်ခံပါတယ်’’ ဟု အမရပူရမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦေးအာင်ဇော်မြင့်က ဆွေးနွေးသည်။

FMO နှင့် ING ဘဏ်တို့မှချေးယူမည့် ချေးငွေများကို အသုံးပြုကာ ဒုဋ္ဌဝတီမြစ်အတွင်းမှ ရေများကို သွယ်ယူပြီး သန့်စင်စက် များဖြင့် သန့်စင်၍ ပြည်ကြီးတံခွန် မြို့နယ်အတွင်း ရေပေးဝေမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။

မြစ်ရေကို အသုံးပြုကာ ရေပေးဝေမည်ဖြစ်၍ မြေအောက်ရေး အသုံးပြုမှုကို လျော့နည်းစေမည် ဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျော့ကျစေမည် ဖြစ်သောကြောင့် ချေးငွေချေးယူသင့်ကြောင်း ဦးအောင်ဇော်မြင့်က လွှတ်တော်တွင် ဆွေးနွေးသည်။

‘‘ပြည်သူတွေ လိုအပ်တဲ့ သောက်သုံးရေကို ဧရာဝတီမြစ်ထဲ အလဟဿစီးဝင် သွားမယ့်အစား ဒုဋ္ဌဝတီမြစ်ရေကို အကျိုးရှိရှိ သုံးစွဲလိုက်ခြင်းဟာ အင်မတန် သဘာဝကျပါတယ်’’ဟု ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုး သိန်းက ပြောသည်။

ထိုရေပေးဝေရေး စီမံကိန်းမှ ပြည်ကြီးတံခွန် ပြည်သူများအား ရေပေးဝေခြင်းအားဖြင့်    ရေမီတာဖိုးများ ရရှိမည်ဖြစ်ပြီး ထိုမှရရှိသည့် ငွေများဖြင့် ချေးငွေပြန်လည်   ပေးဆပ်နိုင်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ချေးငွေကို ထိုသို့အလွယ်တကူ ပြန်လည်ဆပ်နိုင်စေရန် အချိတ်အဆက်ဖြင့် ဆောင်ရွက်ထားသဖြင့် ရယူသင့် ကြောင်း ၎င်းကဆိုသည်။

အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများ အနေဖြင့်လည်း မန္တလေးတိုင်းတွင် ယခုဆောင်ရွက် မည့် ပြည်ကြီးတံခွန် ရေပေးဝေရေး စီမံကိန်းကို အတုယူကာ ပြည်သူ့အတွက် အကျိုးရှိမည့် စီမံကိန်း များ ဆောင်ရွက်သင့်ကြောင်း ဦးစိုးသိန်းက ထောက်ပြသည်။

ရေပေးဝေရေးစီမံကိန်းကို အစိုးရဘက်ဂျက်ဖြင့် လုပ်ဆောင် မည်ဆိုပါက အချိန်ကြန့်ကြာနေ မည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြည်ပချေးငွေဖြင့် ဆောင်ရွက်ခြင်းမှာ သင့်တော်မှန်ကန်မှုရှိကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ စက်မှုဇုန်များမှဒုဋ္ဌဝတီမြစ်အတွင်းသို့ ရေဆိုးစွန့်ပစ်မှုများရှိနေကြောင်း၊ ထိုရေဆိုးစွန့်ပစ်သည့် စက်ရုံးများကို အရေးယူရန် လိုအပ်ကြောင်း ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက အကြံပြုသည်။

‘‘ဒုဌဝတီမြစ်ရေကို သန့်ပြီး စက်မှုဇုန်ကိုပါ ပေးမယ်။ စက်မှုဇုန်က ထွက်လာတဲ့ ရေကျတော့ သန့်စင်မှုမရှိဘူး။ ရေဆိုးရေညစ်တွေ၊ အဲဒါတွေကို မြစ်ထဲကို ပြန်လည်စွန့်ပစ်မယ်ဆိုတော့ အဲဒါကို အရေးယူဖို့ လိုပါတယ်’’ဟု ၎င်းကပြောသည်။ အဆိုပါ နယ်သာလန်နိုင် ငံ ဘဏ်များမှ ချေးယူမည့်ချေးငွေ  ဆိုင်းငံ့ကာလ သုံးနှစ်ဖြစ်ပြီး ပြန်ဆပ်ကာလ (၁၀)နှစ်ဖြစ်ကြောင်း၎င်းကဆိုသည်။ အတိုးနှုန်း ၂ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်သည့်အ တွက် သက်သာသည့် အတိုးနှုန်းတစ်ခုဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြ ထားသည်။

ထိုချေးငွေရယူမည့် အစီအစဉ်နှင့်ပက်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းမည်ဖြစ်ကာ လွှတ်တော်၏ သဘောတူညီချက်ရယူရမည်ဖြစ်သည်။

5 Jun 2019