တိုင်းရင်းသား၊ နိုင်ငံသားမဟုတ်သည့် ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအရ မွေးစားခွင့် ရှိသော်လည်း နိုင်ငံသားဖြစ်ခွင့်ပေးထားခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ ကိတ္ထိမမွေးစားခြင်းဆိုင်ရာ ဥပဒေများအတိုင်းသာ လိုက်နာရမည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး ပြောကြား

{Eeleven Media Group မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တိုင်းရင်းသား၊ နိုင်ငံသားမဟုတ်သည့် ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ မွေးစားခွင့်ရှိသော်လည်း နိုင်ငံသားဖြစ်ခွင့်ပေးထားခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ ကိတ္ထိမမွေးစားခြင်းဆိုင်ရာ ဥပဒေများအတိုင်းသာ လိုက်နာရမည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက Daily Eleven သတင်းစာသို့ ဇွန် ၁၈ ရက်က ပြောကြားသည်။

“တိုင်းရင်းသား၊ နိုင်ငံသားမဟုတ်တဲ့ ကလေးသူငယ်တွေကို ဒီဥပဒေအရ မွေးစားခွင့်ရှိတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်မရှိဘူး။ မွေးစားခွင့်က ရတယ်။ နိုင်ငံသားဖြစ်ခွင့်တော့ မရှိဘူး။ ပေးမထားဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ကိတ္ထိမမွေးစားခြင်းဆိုင်ရာ ဥပဒေတွေကိုပဲ လိုက်နာသွားရမှာ။ မွေးစားခွင့် မှတ်ပုံတင်ခြင်းဆိုတာက လူမှုဝန်ထမ်းဦးစီးဌာနမှာပဲ မှတ်ပုံတင်ရမှာ။ လ.၀.က မှာ မှတ်ပုံတင်ရမှာ မဟုတ်ပါဘူး။ မှတ်ပုံတင်ခြင်းနဲ့ နိုင်ငံသားပြုခြင်းဆိုတာ မတူပါဘူး”ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

၂၀၁၉ ခုနှစ်  ဇွန် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်အရ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့်ရှိသည်ဟု အတည်ပြုခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီ ၂၆ ခုက ဇွန် ၁၇ ရက်တွင် စုပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေပုဒ်မ ၃၃ (ခ) တွင် မွေးစားကလေးသူငယ်တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေးအပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်ဟု ပြဋ္ဌာန်းထားကြောင်းနှင့် နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့်ရှိသည်ဟူသော ဥပဒေပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အခန်း (၈) ၊ ပုဒ်မ ၇၃ ပါ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရှိစေရဟူသော ပြဋ္ဌာန်းချက်ကို လွှမ်းမိုးပယ်ဖျက်လိုက်သည့် သဘောဟု နိုင်ငံရေးပါတီ ၂၆ ခုက ပြော ကြားထားသည်။

မွေးစားခွင့်နှင့်ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေတွင် မွေးစားနိုင်သည်ဟုသာ အတည်ပြုထားခြင်းဖြစ်ပြီး ၁၉၈၂ခုနှစ် မြန်မာနိုင်ငံ သားဥပဒေ၊ ကိတ္ထိမမွေးစားခြင်းဆိုင်ရာ ဥပဒေများရှိ သည့်အတွက် ယခုဥပဒေက လွှမ်းမိုးသည်ဟု သတ်မှတ်၍မရကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက  ပြောကြားသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် နိုင်ငံသားဖြစ်ခွင့်ပေးထားခြင်း မရှိကြောင်းနှင့်  မှတ်ပုံတင်ဆိုသည်မှာ မွေးစားရင်းပေးခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

“ပုဒ်မ ၂၂ မှာက သက်ဆိုင်ရာ တည်ဆဲဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်နဲ့ ဆိုင်တာပါ။ သက်ဆိုင်ရာတည်ဆဲဥပဒေ ရှိပါတယ်။ ဒီဥပဒေအရသာလျင် နိုင်ငံသားဖြစ်ခွင့် ရှိတာပါ။ ဒီဥပဒေက ပေးရုံလောက်နဲ့ နိုင်ငံသားဖြစ်ခွင့် မပေးထားပါဘူး။ ဒီမှာသက်ဆိုင်ရာ တည်ဆဲဥပဒေလို့ ပါပါတယ်။ မှတ်ပုံတင်ခွင့်ပေးတယ်ဆိုတဲ့ ကိစ္စလေးလည်း ဆွေးနွေးတာ တွေ့ရပါတယ်။ မှတ်ပုံတင်တယ်ဆိုတာကလည်း မွေးစာရင်း ပေးတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီ မွေးစာရင်းမှာလည်းပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုပဲ ပေးထားတယ်ပေ့ါနော်။ မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာမှာပဲ မွေးမွေး မွေးစာရင်းထုတ်ပေးရမယ်ပေ့ါနော်။ ဒီဟာကို ဆိုလိုတာပါ” ဟု ဦကျော်စိုးလင်းက ပြောကြားသည်။

ထို့ပြင် ဒေါက်တာမြတ်ဉာဏစိုးက မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အထင်အမြင် လွဲမှားနေသည်ဟု ယူဆကြောင်း၊ မှတ်ပုံတင်ခြင်းကို လူမှုဝန်ထမ်း ဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဆောင်ရွက်မည် မဟုတ်သည့်အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းတွင် သက်ရောက်မှုမရှိကြောင်း ပြောကြားသည်။

“မှတ်ပုံတင်ခြင်းနဲ့ပတ်သက်ပြီး အထင်အမြင်လွဲမှားနေကြတယ်လို့ ထင်မြင်ပါတယ်။ ဒီဥပဒေမှာပါ မှတ်ပုံတင်ခွင့်ရှိသည် ဆိုတာက ကလေးတစ်ယောက်အနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှာ မှတ်ပုံတင်ရမှာ။ လူတွေက မှတ်ပုံတင်၊ မှတ်ပုံတင်ဆိုပြီး လွယ်လွယ်ကူကူ ခေါ်နေကြတာ။ နာမည်ကိုက မတူဘူး။ နိုင်ငံသားဖြစ်ထိုက်တဲ့ဟာက နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်လို့ခေါ်တာ။ အခုဟာက မှတ်ပုံတင်ခြင်း (ID) မဟုတ်ဘူး။ အဲဒါကိုထောက်ပြီး ဝေဖန်နေကြတာ။ ကလေးတစ်ယောက်ဟာ သူ့အသက် အရွယ်အပိုင်းအခြားအရ ကလေးဖြစ်လို့ ဒီဥပဒေက ကလေးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်။ မွေးစားပြီးရင်လည်း ဘာသာ ၊သာသနာ၊ လူမျိုးတွေ ခဏထားဦး။ မွေးစားပြီးရင်လည်း မွေးစားတယ်ဆိုပြီး တလွဲအသုံးချမှာ ဆိုးလို့။ ဥပမာ-လိင်မှုဆိုင်ရာအကြမ်းဖက်မှု၊ နောက်ပြီးတော့ ပညာရေးပေါ့။ မွေးစားတယ်ဆိုပြီး ကျောင်းမထားဘဲ စားသောက်ဆိုင်မှာ အလုပ်လုပ်ခိုင်းတာမျိုး၊ နောက်တစ်ခုက ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအနေနဲ့လည်း သင့်တင့်မျှတတဲ့ အာဟာရ ကျွေးရမယ်။ အဲဒါတွေအတွက် မှတ်ပုံတင်ရမယ်ဆိုတာက လူမှုဝန်ထမ်းဦးစီးဌာနမှာပဲ ဆောင်ရွက်ရမှာပါ။ လူဝင်မှုကြီးကြပ်ရေးမှာ ဆောင်ရွက်ရမှာ မဟုတ်တဲ့အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ လုံးဝသက်ရောက်မှု မရှိပါဘူး။ ၁၉၈၂ ဥပဒေနဲ့လည်း ငြိနေပြီ။ ကိတ္ထိမမွေးစားခြင်းဆိုင်ရာ ဥပဒေတွေလည်း ရှိတယ်။ အခုဥပဒေနဲ့ နိုင်ငံသား ဖြစ်ခြင်းဆိုတာ ဘာမှမဆိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအား ဇွန်လ ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း ဥပဒေကြမ်းအား ဥပဒေအဖြစ် အတည်ပြု ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားကြောင်း သိရသည်။

“ပြောရရင်တော့ ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၇ ရက်မှာ အတည်ပြုခဲ့တယ်။ အတည်ပြုပြီးသားပါ။ အတည်ပြုတဲ့အချိန်မှာလည်း မဲခွဲဆုံးဖြတ်ပြီး အတည်ပြုထားတာပါ။ လွှတ်တော်အပိုင်းအနေနဲ့ကတော့ ဥပဒေကို အတည်ပြုပြီးပြီ။ ဒါပေမဲ့ ဘာရှိသေးလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးတော့ ဥပဒေအဖြစ် အတည်ပြုထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတထံကို ပို့ထားတယ်။ အဲဒီမှာ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက် နဲ့ပြန်လာမလား၊ မလာဘူးလားပေါ့။ အဲဒီအပေါ်မှာပဲ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြန်လည်ဆောင်ရွက်ရမှာပါ”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ကန့်ကွက်စာထုတ်ပြန်ခြင်းသည် ဥပဒေ၏ သဘောတရားကို နားမလည်သည့်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာမြတ်ဉာဏစိုးက “ဒီ ဥပဒေအပေါ် ကန့်ကွက်စာထုတ်တာတွေကတော့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ နဲ့ ပတ်သက်ပြီး တကယ့်တကယ်တော့ ဥပဒေရဲ့ သဘောတရားကို နားမလည်လို့ပါ။ Adoption Law နဲ့ သတ်သတ်သွားရပါတယ်။ ဒီဥပဒေမှာကတော့ ကလေးသူငယ်ရဲ့ အခွင့်အရေး (RIGHT) ပဲရှိတာပေါ့။ တကယ့်တကယ်ကျတော့ ဥပဒေတွေဆိုတာကတော့ ဥပမာပြောရရင် ထမင်းဝိုင်းလိုပေါ့။ ဟင်းတစ်မျိုးတည်းနဲ့ စားလို့ရတာ မဟုတ်ဘူး။ အသားဟင်း၊ အရွက်ကြော်၊ ဟင်းရည် စသည်ဖြင့်ပေါ့။ အဲဒီသဘောပဲ။ သူတို့စိတ်ထဲမှာ ထင်တာက ဒါက Special Law ဆိုတော့ ကျော်လုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ၁၉၈၂  နိုင်ငံသား ဥပဒေဆိုတာ ရှိပြီးသားပါ။ နောက်ပြီးတော့ ကိတ္ထိမမွေးစားခြင်းဆိုင်ရာဥပဒေ (Adoption Law) ဆိုတာရှိတယ်။ အဲဒီလိုဥပဒေတွေနဲ့ ဆက်စပ်ပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စပါ။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာက ချိတ်ဆက်မှုအနေနဲ့ထည့်ထားတဲ့ သဘောပါ” ဟု ပြောကြားသည်။

18 Jun 2019