လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အတည်ပြု

{Eeleven Media Group မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဇွန် ၂၁ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် သမ္မတက အကြောင်းကြားလာသဖြင့် လွှတ်တော်မှ ဥပဒေအရ အတည်ပြုခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဝန်ကြီးဌာနအသစ် တိုးချဲ့ရခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  “ဝန်ကြီးဌာနတွေကို တိုးမြှင့်ခွင့်က သမ္မတကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် သမ္မတက လွှတ်တော်ကို အကြောင်းကြားတယ်။ ဒါကြောင့်  လွှတ်တော်ရဲ့နည်းဥပဒေအရ အတည် ပြုပေးလိုက်တယ်။ ဌာနတိုးပြီးရင်တော့ ဝန်ကြီးခန့်ဖို့ လုပ်ရမှာပေါ့။ မန္တလေးတိုင်းမှာ ဒီဝန်ကြီးဌာနတစ်ခု တိုးတယ်။ တခြားတိုင်းနဲ့  ပြည်နယ်တွေမှာလည်း တိုးမှာပါ”ဟု ပြော ကြားသည်။

ဆက်လက်ပြီး ယခုကဲ့သို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ရခြင်း ရည်ရွယ်ချက်သည် ၎င်းတို့အစိုးရ၏ လက်ကျန်သက်တမ်းတွင်  လူ့စွမ်းအားအရင်းမြစ်ကို သေချာကိုင်တွယ်ပြီး အလုပ်အကိုင်အခွင့်လမ်း ဖန်တီးနိုင်ရေးအတွက် ယခုဝန်ကြီးဌာနက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွက် ယင်းဌာနဝန်ကြီးနေရာကို လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို လျာထားပြီး သမ္မတရုံးထံ တင်ပြထားပြီး ဖြစ်သည်ဟု သိရသည်။

“ဝန်ကြီးနေရာကို သင့်တော်တဲ့အုပ်ချုပ်ရေးပိုင်းလည်း အတွေ့အကြုံရှိတဲ့သူ ဖြစ်စေချင်တာပေါ့။ ကြိုက်တဲ့သူကို ရွေးလို့ရပါတယ်။ မကြာခင်မှာတော့ ဝန်ကြီးအသစ်ခန့်နိုင်မှာပါ။ နောက်တစ်ကြိမ် လွှတ်တော်လောက်ပေါ့။ လူ့စွမ်းအားအရင်းအမြစ် ပီပီပြင်ပြင် ပေါ်လာစေချင်တယ်။ ပေါ်လာပြီးတော့ အလုပ်အကိုင်ရှာဖွေဖန်တီးရေးကို ဘယ်လို ဆောင်ရွက်ပေးနိုင်လဲပေါ့။ နောက်တစ်ခု လူဝင်မှုကြီးကြပ်ရေးကလည်း အရေးကြီးတဲ့ အချိန်ရောက်လာပြီ။ သန်းခေါင်စာရင်းကလည်း ကောက်ဖို့ရွေးကောက်ပွဲ ကော်မရှင်ကလည်း လုပ်နေတာရှိတော့ ဖိဖိစီးစီးလုပ်နိုင်တာပေါ့။ နိုင်ငံသားရပိုင်ခွင့် အပြည့်အဝရဖို့ပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မကျန်ဖို့လိုတယ်” ဟု ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ထပ်မံပြော ကြားခဲ့သည်။

21 Jun 2019