အင်တာနက်လိုင်းမဖြတ်ရန် ရခိုင်ပြည်နယ်လွှတ်တော်၌ အရေးကြီးအဆိုတင်

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်ဆက်သွယ်ရေးလိုင်းဖြတ်တောက်ထားတဲ့ကိစ္စကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းဝေးမှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

အင်တာနက်လိုင်းဖြတ်တောက်ထားတာကို ရပ်တန့်ပေးဖို့နဲ့ ပြန်လည်သုံးစွဲခွင့်ပြုဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း တင်သွင်းတာဖြစ်ပြီး အဲဒီအဆိုကို ရခိုင်အမျိုးသားပါတီအမတ်က တင်သွင်းထားတာလည်း ဖြစ်ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါ ဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ရှိနေချိန်မှာ အင်တာနက် ဆက်သွယ်ရေးလိုင်းပိတ်လိုက်တာဟာ မြေပြင်အနေအထားကို ပိုမိုးဆိုးရွားလာနိုင်တာကြောင့် လိုင်း ပြန်လည်ဖွင့်ပေးဖို့ တင်သွင်းရတာလို့ အဆိုရှင် မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ ဆက်သွယ်ရေးကွန်ယက်တွေဖြစ်တဲ့ MPT၊ Oreedo၊ Telenor နဲ့ Mytel စတဲ့ ဆက်သွယ်ရေးလိုင်းတွေ အကုန်လုံးကို ဖြတ်တောက်ထား တာဖြစ်ပြီး ဖြတ်တောက်ခံထားရတဲ့အနက် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေခရိုင်၊ မောင်တောခရိုင်နဲ့ မြောက်ဦးခရိုင်တွေက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပါဝင်ပါတယ်။

အခုလို လုပ်လိုက်တာကြောင့် နိုင်ငံရေးအရရော စီးပွားရေးအရရောနဲ့ လူမှုရေးစတဲ့ ကဏ္ဍတွေမှာပါ ထိခိုက်နစ်နာမှုတွေရှိနေသလို သတင်းအမှောင်ချတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ကျောက်တော်မြိုကနယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။

ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆိုရင် အင်တာနက်လိုင်းပိတ်လိုက်တာဟာ အဓိကမကျပဲ လုံခြုံရေးတွေကိုသာ ယခင်ကထက် တိုးမြှင့်ချထားသင့်ပြီး ဆက်သွယ်ရေးလိုင်းတွေ ကိုလည်း ဒီထက်မက တိုးတက်အောင် လုပ်ဆောင်သင့်တယ်လို့လည်း ကိုယ်စားလှယ်တွေက ပြောဆိုကြပြီး အစိုးရအနေနဲ့ ဒီလုပ်ရပ်ကို ပြန်သုံးသပ်သင့်တယ်လို့ အကြံပြုဆိုပါတယ်။

ဒီအဆိုကို ပြည်နယ်လွှတ်တော်တဦးက ထောက်ခံခဲ့တာကြောင့် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးသွား ဖို့ လျာထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ MPT၊ Oreedo၊ Telenor နဲ့ Mytel စတဲ့ ဆက်သွယ်ရေးလိုင်း တွေအကုန်လုံးကို ဖြတ်တောက်ထားတာဖြစ်ပြီး အဲဒီထဲမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ချင်းပြည်နယ်က ပလက်ဝမြိုနယ်တို့ထိ ပါဝင်ပါတယ်။

သက်ဆိုင်ရာဖုန်းအော်ပရေတာတွေကတော့ အဆိုပါဒေသတွေအတွင်း ဒေတာနဲ့ အင်တာနက်ဝန်ဆောင်တာတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်းနဲ့ ဖုန်းခေါ်တာနဲ့ စာတိုက်ဝန်ဆောင်မှုတွေကိုတော့ အရင်အတိုင်းရရှိ နေမယ်လို့ စာတိုပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၆ လကျော်အထိကြာမြင့်လာပြီဖြစ်ပြီး အခုဆိုရင် စစ်တွေမြို့ပေါ်မှာတောင် ပစ်ခတ်မှုတွေအထိ ဖြစ်ပွားလာတာတွေ့ရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀၀ လောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတာပါ။

24 Jun 2019