မန္တလေးတိုင်းလွှတ်တော်အတွင်းက “တေမိ” အမတ်များ

{Mandalay In-depth News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လပေါင်း(၄၀)ကြာချိန်အထိ မေးခွန်းမေးမြန်းခြင်းမရှိသည့် လွှတ်တော်အမတ်များ ရှိနေသည်ကို သင်သိပါသလား။

(၅)နှစ်တာသက်တမ်း ကုန်ဆုံးရန် တစ်နှစ်ကျော်သာ ကျန်ရှိတော့သော်လည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွင်း မေးခွန်းမမေး၊ အဆိုမတင်ဘဲ နှုတ်ပိတ်နေသေးသည့် ကိုယ်စားလှယ်အချို့ အမှန်တကယ် ရှိနေပါသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို လေ့လာစောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကနောင် အင်စတီကျူ့၏ မှတ်တမ်းများအရ ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် သက်တမ်း(၃)နှစ်ကျော်ချိန်အထိ မေးခွန်းမေးမြန်းခြင်း မရှိသေးသည့် လွှတ်တော်အမတ် (၂)ဦးအထိ ရှိနေသည်။ ထို့အပြင် မေးခွန်း(၁)ခုသာ မေးမြန်းသည့် အမတ်(၃)ဦးနှင့် မေးခွန်း(၂)ခု မေးမြန်းသည့် အမတ်(၃)ဦး ရှိသည်။

“မိမိဒေသက တကယ်ကို ဘာအခက်အခဲမှ မရှိလို့လား။ အစိုးရကို စောင့်ကြည့်ထိန်းကျောင်းဖို့ အတွက် အစိုးရကို မမေးရဲလို့လား”ဟု နှုတ်ပိတ်နေသည့် မန္တလေးတိုင်းလွှတ်တော်အမတ်များနှင့် ပတ်သက်၍ ကနောင် အင်စတီကျု့အမူဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက မေးခွန်းထုတ်သည်။

လွှတ်တော်အမတ်သည် ဥပဒေပြုခြင်း၊ အစိုးရနှင့် တရားစီရင်ရေးအဖွဲ့များအား စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် မဲဆန္ဒရှင်ပြည်သူလူထုအား ကိုယ်စားပြုခြင်းဆိုသည့် အဓိကတာဝန်သုံးရပ်ကို ထမ်းဆောင်ရန် တာဝန်ရှိသည်။ အဆိုပါ တာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းများ လုပ်ဆောင်ခွင့်ရှိကြောင်း ဥပဒေပြဌာန်း၍ တရားဝင်အခွင့်အာဏာ အပ်နှင်းထားသည်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ဖေဖေါ်ဝါရီတွင် စတင်ကျင်းပခဲ့ပြီး လက်ရှိအချိန်ထိ လွှတ်တော်ကျင်းပသည့်သက်တမ်း လပေါင်း(၄၀) ကြာမြင့်ပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးရှိပြီး ရွေးကောက်ခံ(၅၆)ဦး၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်(၁)ဦးနှင့် တပ်မတော်သား (၁၉)ဦး ပါဝင်သည်။ ရွေးကောက်ခံ ကိုယ်စားလှယ် (၅၆)ဦးအနက် ဒီချုပ်ပါတီမှ (၄၈)ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၈ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ (၁)ဦးဖြစ်သည်။

၂၀၁၆ ဖေဖေါ်ဝါရီမှ ယနေ့အချိန်အထိ (၃)နှစ်ကျော်အတွင်း မန္တလေးတိုင်းလွှတ်တော်အနေဖြင့် ပုံမှန်အစည်းအဝေး (၁၃)ကြိမ်၊ အထူးအစည်းအဝေး (၂)ကြိမ်နှင့် အရေးပေါ်အစည်းအဝေး (၂)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ အဆိုပါ လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၁၁၅၇)ခုနှင့် အဆို (၂၂)ခု မေးမြန်းဆွေးနွေးခဲ့သည်။ ထို့အပြင် ဥပဒေ(၃)ခု ပြင်ဆင်ပြဌာန်းနိုင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် လစဉ် လစာချီးမြင့်ငွေ ကျပ်(၅)သိန်းနှုန်း ခံစားခွင့်ရရှိပြီး လွှတ်တော်ကျင်းပရက်နှင့် လွှတ်တော်ရေးရာကော်မတီ အစည်းအဝေး ကျင်းပရက်များအတွက် နေ့တွက်စရိတ်အဖြစ် တစ်နေ့ ကျပ်(၁၅၀၀၀) ခံစားခွင့် ရရှိသည်။

ထို့အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီသည် လွှတ်တော်သက်တမ်း လ(၄၀)အတွက် လစာချီးမြင့်ငွေ ကျပ်သိန်း(၂၀၀)နှင့် လွှတ်တော်ပုံမှန်အစည်းအဝေး ကျင်းပရက် (၈၁)ရက်အတွက် နေ့တွက်စရိတ် ကျပ်(၁၂)သိန်းကျော် ရယူခံစားပြီးဖြစ်သည်။ ထို့အပြင် လွှတ်တော်ရေးရာကော်မတီ အစည်းအဝေးတက်ရောက်ရက်နှင့် လွှတ်တော်၏ တာဝန်ပေးချက်အရ ကွင်းဆင်းစစ်ဆေးမူများအတွက်လည်း နေ့တွက်စရိတ်များ ခံစားခွင့်ရရှိပြီး ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ့ဘဏ္ဍာမှ လစာချီးမြင့်ငွေ ရယူခံစားသူများဖြစ်သလို သက်ဆိုင်ရာ နယ်မြေအလိုက် မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုရသူများဖြစ်သည့်အတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ဥပပြုရေးကိစ္စများ လုပ်ဆောင်ရန် လိုအပ်မည်ဟု လွှတ်တော်ဆိုင်ရာ လေ့လာစောင့်ကြည်သူများက ပြောသည်။ ထိုသို့ အဆို၊ မေးခွန်းနှင့် ဥပပြုခြင်းများမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ အဓိကတာဝန် ဖြစ်သလို ဒေသအကျိုး၊ နိုင်ငံအကျိုး၊ မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းရွက်ခြင်းလည်း ဖြစ်သည်ဟု လွှတ်တော်အရေး လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ကနောင် အင်စတီကျူ့မှ ရရှိသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ မှတ်တမ်းများအရ လွှတ်တော်သက်တမ်း (၃)နှစ်ကျော်အတွင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းမရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်(၂)ဦးမှာ မတ္တရာမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)မှ ဦးမောင်မောင်အေးနှင့် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)မှ ဦးအောင်ကြည်တို့ ဖြစ်သည်။

ထို့အပြင် ကြယ်ပွင့်ပြမေးခွန်း (၁)ခုစီသာ မေးမြန်းထားသော လွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့မှာ ဦးအောင်သူ (ဝမ်းတွင်းမဲဆန္ဒနယ်-၂)၊ ဦးအောင်နိုင်လင်း (စဉ့်ကိုင်မဲဆန္ဒနယ်-၁) နှင့် ဦးစိုးလွင် (သပိတ်ကျင်းမဲဆန္ဒနယ်-၁)တို့ ဖြစ်သည်။ ဦးစိုးလွင်မှာ ယခင်လွှတ်တော်အမတ် ကွယ်လွန်၍ ၂၀၁၈နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင်မှ ဝင်ရောင်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

လွှတ်တော်သက်တမ်း (၃)နှစ်ကျော်အတွင်း မေးခွန်း(၂)စီ မေးမြန်းခဲ့သည့် ကိုယ်စားလှယ်(၃)ဦးမှာမူ ဦးဝင်းမြင့်ခိုင် (ညောင်ဦး-၁)၊ ဦးမြင့်စိန် (ညောင်ဦး-၂)နှင့် ဦးမျိုးဆွေဦး (ကျောက်ပန်းတောင်း-၂)တို့ ဖြစ်သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင်းပြမေးခွန်း အများဆုံးမေးမြန်းခဲ့သည့် ကိုယ်စားလှယ်မှာ သာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)မှ ဦးမိုးမြင့်သိန်း ဖြစ်ပြီး ၎င်းက လ(၄၀)အတွင်း ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀၄)ခု မေးမြန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များအနက် ကြယ်ပွင့်ပြမေးခွန်း (၅)ခုမှ (၁၅)ခုကြား မေးမြန်းသည့် ကိုယ်စားလှယ် (၁၉)ဦးရှိပြီး မေးခွန်း(၁၅)ခုအထက် မေးမြန်းခဲ့သည့် ကိုယ်စားလှယ် (၂၀)ကျော် ရှိသည်။

ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ် (၁၉)ဦး၏ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမူမှာမူ (၂၇)ခုရှိသည်။

လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းများနှင့်ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြ မေးခွန်းဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ကြယ်ပွင့်ပြမေးခွန်းဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းလိုသည့် မေးခွန်းကို လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်သို့ ကြိုတင်တင်သွင်းထားရပြီး ယင်းမေးခွန်းအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လွှတ်တော်တွင် ပြန်လည်ဖြေကြားရသည်။ ကြယ်ပွင့်မပြ မေးခွန်းမှာမူ သက်ဆိုင်ရာ ဝန်ကြီးဌာနက လွှတ်တော်တွင် ပြန်လည်ဖြေကြားရန် မလိုဘဲ ကိုယ်စားလှယ်ထံ စာဖြင့် ပြန်လည်ပေးပို့ ဖြေကြားနိုင်ခြင်းဖြစ်သည်။

“ကြယ်ပွင့်ပြ မေးခွန်းကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖြေကြားချက်ဟာ ကတိကဝတ် သဘောမျိုးဖြစ်သွားပြီးတော့ လွှတ်တော်မှတ်တမ်းမှာ ပါဝင်သွားတာပေါ့”ဟု ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်း ကွာခြားချက်အပေါ် လွှတ်တော်ကိုယ်အမတ်တစ်ဦးက ရှင်းပြသည်။

လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းမရှိသော်လည်း လွှတ်တော်ရပ်နားချိန်များတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းခြင်း၊ မဲဆန္ဒနယ်မြေအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံဘဏ္ဍာငွေဖြင့် ခွင့်ပြုသော လုပ်ငန်းများကို ကွင်းဆင်းကြပ်မတ်စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း မရှိသေးသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များသော ကျောင်း၊ ကျန်းမာရေး၊ လမ်း၊ မီးစသည့် ကိစ္စများ တောင်းဆိုရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုက်ရိုက်စာတင်၍ဖြစ်စေ၊ ဌာနဆိုင်ရာများနှင့် ဆွေးနွေး၍ဖြစ်စေ တောင်းဆိုခဲ့သည်ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောသည်။

“မြို့နယ်အလိုက် ဘက်ဂျက် ခွဲဝေမှု အနေအထားလည်း သိနေတော့ တချို့ကိစ္စတွေမှာ မေးခွန်းတွေ မမေးတော့ဘူး။ အရေးကြီးတဲ့ ခေါင်းစဉ်တွေကို ဝင်ရောက်ဆွေးနွေးတယ်။ တော်တော်များက မေးခွန်းမေးပြီး တောင်းစရာတောင် မလိုတော့ပါဘူး။ အချိုးကျ ချပေးနေတာဆိုတော့”ဟု ဦးမောင်မောင်အေးက ရှင်းပြသည်။

ဦးမောင်မောင်အေးသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ ၎င်းအနေဖြင့် မေးခွန်းမေးမြန်းခြင်းထက် ဥပဒေပြဌာန်းနိုင်ရေး ကိစ္စများတွင် ပါဝင်လုပ်ဆောင်နေပြီး လတ်တလောတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးဥပဒေကို ရေးဆွဲပြဌာန်းနိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းမရှိသေးသည့် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ကြည်က ၎င်းအနေဖြင့် ကျင်းပပြီးစီးခဲ့သည့် လွတ်တော်အစည်းအဝေးများတွင် (ကြယ်ပွင့် မပြ) မေးခွန်း (၂၆)ခု မေးမြန်းခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

“ဝန်ကြီးတွေကို တိုက်ရိုက်တွေ့ပြီး တောင်းလိုက်တယ်။ လုပ်ငန်းတွေ အတော်များများ ရပါတယ်”ဟု ဦးအောင်ကြည်က ဆိုသည်။

ဦးအောင်ကြည်မှာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဌဖြစ်သည်။ လတ်တလောတွင် မဲဆန္ဒနယ်မြေအတွင်းရှိ လျှပ်စစ်မီးမရရှီသေးသည့် ကျေးရွာများ မီးလင်းရေးအတွက် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်အချို့မှာ မေးခွန်းမေးမြန်းမူ အားနည်းသော်လည်း အဆိုတင်သွင်းခြင်း၊ နှစ်စဉ်ပြဌာန်းသည့် ဒေသန္တရစီမံကိန်းဥပဒေနှင့် ဘဏ္ဍာငွေ အရအသုံး ဥပဒေများအား ဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ဘတ်ဂျက်သုံးစွဲမူများအပေါ် စောင့်ကြည့်စစ်ဆေးခြင်းမှာလည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များအပေါ် စောင်ကြည့်ထိန်းကျောင်းသည့် လွှတ်တာ်ကိုယ်စားလှယ်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းအများစုမှာလည်း တည်ဆောက်၊ပြုပြင်စသည့် ဒေသဖွံ့ဖြိုးရေးအတွက် မေးမြန်းမူများသာဖြစ်ပြီး မူဝါဒရေးရာ မေးခွန်းများ၊ အစိုးရနှင့် တရားစီရင်ရေး အဖွဲ့များအပေါ် စောင့်ကြည့်ထိန်းကျောင်းသည့် မေးခွန်းများ မေးမြန်းနိုင်မူ အားနည်းနေသေးသည်ဟု ကနောင် အင်စတီကျူ့၏ အမူဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက ဆိုသည်။

“လွှတ်တော်မှာ မေးခွန်းတွေ အများကြီး မေးနေတာလည်း ရှိတယ်။ အရေအတွက်ထက် အနှစ်သာရ ရှိတဲ့ ကောင်းမွန်တဲ့ မေးခွန်းတွေ၊ အဆိုတွေကို ပိုလိုချင်မိတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း (၁၀၀၀)ကျော်တွင် ဝန်ကြီးဌာန(၄)ခု (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ပညာရေးကဏ္ဍနှင့် စည်ပင်သာယာ ဝန်ကြီးဌာန)သို့ မေးမြန်းမူများမှာ မေးခွန်းအားလုံး၏ (၉၀)ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း ကနောင်အင်စတီကျူ့၏ လေ့လာချက်များတွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသအကျိုး ဆောင်ရွက်ခြင်းနှင့် အစိုးရနှင့် တရားစီရင်ရေးတို့အား စောင့်ကြည်ထိန်းကျောင်းရာတွင် ဥပဒေ၊ မေးခွန်း၊ အဆိုနှင့် ကော်မတီမှ ကြားနာခြင်း အစရှိသည့် လွှတ်တော်နည်းလမ်းများကို အသုံးပြု၍ လွှတ်တော်၏ ယဉ်ကျေးမှုကို မြှင့်တင်သင့်ကြောင်း The Ananda (အာနန္ဒာ) တည်ထောင်သူ ဦးထင်ကျော်အေးက သုံးသပ်သည်။

The Ananda (အာနန္ဒာ) အဖွဲ့သည် လွှတ်တော်နှင့် ဘက်ဂျက်လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်အခါ လူပုဂ္ဂိုလ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းထက် တရားဝင် ပေးအပ်ထားသည့် နည်းလမ်းများကို အသုံးပြုသင့်ကြောင်း ဦးထင်ကျော်အေးက ဆိုသည်။

“ရေတိုအတွက် အဲ့ဒါက မကောင်းဘူးလို့ မဆိုလိုပါဘူး။ ပြဿနာတွေကို ရေရှည်ပြေလည်စေဖို့က လွှတ်တော်နည်းလမ်းတွေနဲ့ လည်ပတ်နေဖို့လိုတယ်။ အပြန်အလှန် လွတ်လပ်နေဖို့ လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ ရွေးခဲ့ကြတာ အခြားသော အစိုးရအရာရှိတွေလို ဆောင်ရွက်ပေးဖို့ ရွေးချယ်ခဲ့ကြတာ မဟုတ်ဘူး” ၎င်းက ပြောသည်။

အာဏာခွဲဝေကျင့်သုံးရန်နှင့် လွှတ်တော်မှ ပေးအပ်ထားသော နည်းလမ်းများကို အသုံးပြုနိုင်ရန်အတွက် လွှတ်တော်အစည်းအဝေးများကို ငွေကြေးအကုန်အကျခံ ကျင်းပရခြင်းဖြစ်ကြောင်း ဦးထင်ကျော်အေးက ပြောသည်။

“လွှတ်တော် နည်းလမ်းတွေကို မသုံးဘဲ ပြဿနာဖြေရှင်းယုံသက်သက် ကြိုးစားမယ်ဆိုရင် အဲဒါက ပြဿနာညှိနှိုင်းဖြေရှင်းရေးမှုး အရာရှိ တစ်ယောက်ကို ခန့်ထားတာနဲ့ ဘာမှ မထူးတော့ဘူး။ လွှတ်တော်ဆိုတဲ့ ယဉ်ကျေးမှုက ဘာမှ မထူးတော့သလိုမျိုး ဖြစ်နေလိမ့်မယ်။ မေးခွန်း မမေးဘူး။ အဆိုတွေ မတင်သွင်းဘူး။ ဥပဒေကြမ်း မပြင်ဘဲနဲ့ဆိုရင် လွှတ်တော်ကို ဘာလို့ထားနေမှာလဲ”

24 Jun 2019