ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအတည်ပြု

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ကြံ့ခိုင်ရေးပါတီအပါအဝင် အတိုက်အခံပါတီတွေရဲ့ အပြင်းအထန်ကန့်ကွက်ခံနေရတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို  ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက်တာပါ။

အဆိုပါဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့  အပိုဒ်၊ အပိုဒ်ခွဲတွေအပေါ် ပြင်ဆင်ချက်အဆိုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိတဲ့ အတွက် ဒီဥပဒေကြမ်းကို တပုဒ်ချင်းစီအလိုက် အတည်ပြုဖို့  ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း (ပြည်ကြီးတံခွန်မဲဆန္ဒနယ်)က အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူ အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံပြန်လည်ပေးပို့သွားမှာဖြစ်ပြီး  နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးပြီးပါက ဒီဥပဒေ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတိုက်အခံပါတီတွေက ဆွေးနွေးခဲ့ခြင်း မရှိပေမယ့်  လွှတ်တော်ပြင်ပမှာတော့ ဥပဒေထဲမှာ မပါတဲ့ အချက်တွေကို ထောက်ပြပြီး ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက် ကြောင့် မကြာခင် နိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ်ကျရောက်နိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက သတိပေး ပြောကြားထားပါတယ်။

22 Jul 2019