၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၀၀၀ ကျော် တောင်းခံ

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉-၂၀  ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ကျပ်ငွေ ဘီလီယံ  ၃၀၀၀ ကျော်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ  တောင်းခံလိုက်ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတာမှာ ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောတာပါ။

“၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE)(သာမန်၊ ငွေလုံးငွေရင်း) စုစုပေါင်း အနေနဲ့ ၂၉၀၅ ဒသ မ ၁၉၅ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) မှာ ၃၂၄၈ ဒသမ ၃၆၅ ဘီလီယံနဲ့ ၂၀ ၁၉-၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE)အတွက် အသုံးစရိတ် စုစုပေါင်း ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ တောင်းခံထားတဲ့အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) ထက် ၁၂၂ ဒသမ ၄၁၃ ဘီလီယံ တိုးမြှင့်တောင်းခံ ထားပါတယ်” လို့ ဆိုပါတယ်။

အခု တင်ပြတဲ့ အသုံးစရိတ်တွေဟာ အဆင့်ဆင့်စိစစ်မှုတွေ ပြုလုပ်ခဲ့ပြီး မလွဲမသွေ သုံးစွဲရမယ့် အသုံးစရိတ်တွေ ဖြစ်လို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လျာထား သာမန်အသုံးစရိတ်စုစုပေါင်း ၁၉၃၇ ဒသမ ၅၃၈ ဘီလီယံ ဖြစ်ပြီး လစာနဲ့ စရိတ်များ ၈၈၄ ဒသမ ၀၄၉ ဘီလီယံ၊ ပစ္စည်းများ ၄၆၇ ဒသမ ၀၄၂ ဘီလီယံ၊ စက်ရုံအလုပ်ရုံများ ၂၀၅ ဒသမ ၀၆၀ ဘီလီယံ၊ အထွေထွေ ၁၈၃ ဒသမ ၀၁၉ ဘီလီယံ၊ အင်ဂျင်နီယာ ၁၆၇ ဒသမ ၃၂၇ ဘီလီယံ၊ ပို့ဆောင်ရေး ၁၆ ဒသမ ၅၃၄ ဘီလီယံ၊ လုံခြုံရေး ၅ ဒသမ ၁၉၁ ဘီလီယံ၊ အရေးပေါ်ရန်ပုံငွေ ၄ ဘီလီယံနဲ့ အတိုး ၅ ဒသမ ၃၁၆ ဘီလီယံတို့ ဖြစ်ပါတယ်။

လျာထား ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်းမှာ ၁၄၃၃ ဒသမ ၂၄၀ ဘီလီယံဖြစ်ပြီး ဆောက်လုပ်ရေး အသုံး စရိတ် ၂၀၈ ဒသမ ၇၉၈ ဘီလီယံ၊ စက်ပစ္စည်းအသုံးစရိတ် ၁၂၂၃ ဒသမ ၇၂၉ ဘီလီယံနဲ့ အခြားအသုံးစရိတ် သုည ဒသမ ၇၁၃ ဘီလီယံဖြစ်ပါတယ်။

“အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး တာဝန်ထမ်းဆောင် နိုင်ဖို့အတွက် ရေးဆွဲထားတဲ့ လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံပင်မစီမံကိန်းကို နှစ်အလိုက် အခြေအနေတွေအလိုက် အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါတယ် ” လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ၄၇ ဘီလီယံပဲရှိပြီး ငွေလုံးငွေရင်း ရငွေ မရှိဘူးလို့ ဆိုပါတယ်။

22 Jul 2019