မတရားဖမ်းဆီးခံရသူများကို လျော်ကြေးပေးရန် လွှတ်တော်တိုက်တွန်း

{The Voice မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မတရားဖမ်းဆီခံရပြီး အမှုမှ တရားသေ လွတ်သွားသည့်သူများအတွက် နိုင်ငံတကာ စံနှုန်းများနည်းတူ နစ်နာကြေး သို့မဟုတ် လျော်ကြေးကို ပေးနိုင်သည့် အခြေအနေဖြစ်လာရန် လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်မှတစ်ဆင့် တိုက်တွန်းပြောကြားလိုက်သည်။

ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖမ်းဆီတဲ့လူကဖြစ်စေ၊ ဖမ်းတဲ့ဌာန၊ တရားစွဲတဲ့ဌာနကဖြစ်စေ ထိုက်ထိုက်တန်တန် လျော်ကြေးပေးရတယ်။ သူ့ဂုဏ်သိက္ခာကို ပြန်ဆည်ဖို့အတွက် ကြေညာရတယ်။ တောင်းပန်ရတယ်။ ဒီလိုအမှုမျိုးတွေက မတရားခံရပေမယ့် လူမသိ၊ သူမသိ ထောင်ချခံရပေမယ့် ဘယ်လိုမှ အမှန်တရားက ပေါ်မလာဘူး။ လျော်ကြေးတွေ ဘာတွေလည်းမရဘူး။ ဒါကို ကော်မရှင်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

ကော်မရှင်၏ အစီရင်ခံစာပါ အမျိုးသမီး ကျောက်ထုတ်စခန်း (ရဲဘက်) ကို ပိတ်သိမ်းသင့်ကြောင်း အကြံပြုချက်ကိုလက်ခံကြောင်းနှင့် ကျောက်ထုတ်စခန်းများနေရာတွင် အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်တစ်ခုကိုထူထောင်၍ တစ်နေ့ လုပ်အားခ ကျပ် ၂၀ဝ ထက်ပို၍ပေးရန် တိုက်တွန်းသင့်ကြောင်း အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက အကြံပြုပြောကြားသည်။

“ကော်မရှင်အနေနဲ့ စာရွက်ပေါ်က ဆောင်ရွက်ချက်တွေကိုသာမကဘဲ မြေပြင်အခြေအနေတွေမှာပါ အမှန်တကယ် ဆောင်ရွက်မှုတွေ ဆက်လက် စောင့်ကြည့်စစ်ဆေးပေးဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မုဒိမ်းမှုများ ဖြစ်ပေါ်လာသည့်ကိစ္စကြောင့် တရားရုံးမှ အပြစ်ပေးထားသည့် တရားခံများကို ထောင်တွင်း တွေ့ဆုံမှုများပြုလုပ်ကာ ပြစ်မှု ကျူးလွန်သည့် အကြောင်းအရာကိုသိရှိနိုင်ရန် မေးမြန်းစုံစမ်းပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်သို့ အကြံပြုချက်ပေးပို့စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဌေးဦးက အကြံပြုပြောဆိုသည်။

ယင်းအပြင်ကော်မရှင် အဖွဲ့ဝင်တို့၏ အသက် ကို ၃၅ နှစ်ထက်ကျော်ရမည်ဟု သတ်မှတ်ထားခြင်းသည် လူငယ်များကို ကန့်သတ်ထားသည့်သဘောဖြစ်နေသောကြောင့် ပြင်ဆင်ပေးစေလိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ နော်လှလှစိုးက ပြောကြားခဲ့သည်။

24 Jul 2019