နိုင်ငံသားများကို လွတ်လပ်ခွင့် အပြည့်အဝပေးလိုက်ပါ၊ နိုင်ငံသားများက အစိုးရနှင့်လွှတ်တော်ကို ထိန်းကျောင်းသွားပါလိမ့်မည်ဟု လွှတ်တော်ကိုယ်စားလှယ် တင်ပြဆွေးနွေး

{News Watch မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

နိုင်ငံသားများကို လွတ်လပ်ခွင့်အပြည့်အဝပေးလိုက်ပါဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က စက်တင်ဘာ ၁၀ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးသည်။

“ ကျွန်တော်တို့နိုင်ငံသားတွေကို လွတ်လပ်ခွင့်အပြည့်ပေးလိုက်ပါ။ အဲ့ဒီနိုင်ငံသားတွေကပဲ အစိုးရတွေကို ထိန်းကျောင်းပါလိမ့်မယ်။ လွှတ်တော်တွေကို ထိန်းကျောင်းသွားပါလိမ့်မယ်။ ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုနဲ့ ပဋိပက္ခဆိုင်ရာအရင်းအမြစ်တွေကို ကျွန်တော်တို့နိုင်ငံသားတွေက ကျွန်တော်တို့ကိုပြန်ပြီးထိန်းကျောင်းပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာတင်သွင်းသော “ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက်လူထုဆိုင်ရာရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာရပိုင်ခွင့်များနှင့်သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် (International Covenant on Civil Political Rights-ICCPR) ကို လက်မှတ်ရေးထိုးရန်တိုက်တွန်းကြောင်းအဆို” ကို ထောက်ခံဆွေးနွေးရာ၌ ဦးလွင်ကိုလတ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ အချို့အပိုဒ်များမှာ နိုင်ငံသားများ၏အခွင့်အရေးများကို တားဆီးပိတ်ပင်ထားမှုမျိုးကြုံရကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် ပြည်တွင်းပဋိပက္ခများအားလုံးကို ပြန်ကြည့်ပါကတရားမျှတမှု၊ လွတ်လပ်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် အရပ်ဖက်အခွင့်ရေးကိုရှာဖွေသော ပဋိပက္ခများဖြစ်ကြောင်း ၎င်းကပြောသည်။

“ ကျွန်တော် ဆိုရိုးစကားတခုပြောချင်ပါတယ်။ ဒီမိုကရေစီကို ခင်ဗျားတို့ တည်ဆောက်မနေပါနဲ့။ ဒီမိုကရေစီကို ခင်ဗျားတို့ ကျင့်သုံးလိုက်ပါ။ ဒီမိုကရေစီက ခင်ဗျားတို့ကိုပြန်ပြီးတော့ တည်ဆောက်သွားလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် နိုင်ငံတကာဥပဒေတခုဖြစ်သည့် ICCPR ကို လက်မှတ်ရေးထိုးရန်ခြေလှမ်းများပြင်ရင်း နိုင်ငံသားများအပေါ်တွင်ရှိသော နိုင်ငံရေးယုံကြည်ချက်ကိုပြသကြရန် ၎င်းက ထောက်ခံဆွေးနွေးခဲ့သည်။

10 Sep 2019