လာမည့် ဘဏ္ဍာနှစ်ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ်ဘီလီယံ ၄၀၀ ကျော် ဖြတ်တောက်ရန် လွှတ်တော်အတည်ပြု

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်သို့ တင်ပြတောင်းခံထားသည့် လာမည့် ဘဏ္ဍာနှစ် ပြည်ထောင်စုအသုံးစရိတ် ဘတ်ဂျတ်မှ ကျပ်ဘီလီယံ ၄၀၀ ကျော်ကို ဖြတ်တောက်လျှော့ချရန် ပြည်ထောင်စုလွှတ် တော်က အတည်ပြုသည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အ စည်းအဝေးတွင် အထက်ပါ ဘတ်ဂျက်ဖြတ်တောက်မှုများ ပါဝင် သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။

၂၀၁၉ – ၂၀ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ အရအသုံး ဆိုင်ရာ ငွေစာရင်းနှင့် ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများနှင့် ပတ်သက်၍ စိစစ်ရေး ပူးပေါင်းအဖွဲ့ ၂၀ နှင့့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ ပူးပေါင်းစိစစ်ပြီး ဝန်ကြီးဌာနအားလုံးအတွက် မူလလျာထားသည့် ကျပ်ဘီလီယံ ၃၂,၀၀၀ ကျော်မှ ကျပ်ဘီလီယံ ၄၂၀ ခန့် ဖြတ်တောက်ရန် တင်ပြခဲ့သည်။

ယမန်နေ့တွင် ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရာ၌ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ ဘတ်ဂျက်ဖြတ်တောက်မှုအများစုကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ ဆွေးနွေးတင်ပြချက်များအရ ထပ်မံဖြတ်တောက်ခြင်း၊ တိုးမြှင့်ခွင့်ပြုခြင်း ပြုလုပ်ခဲ့သည့် အချက်အချို့ လည်းရှိကြောင်း ပြည်သူ့ငွေစာ ရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြော သည်။

အသုံးစရိတ် တောင်းခံမှုများ အနက် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ကျပ်ဘီလီယံ ၂၀၀ကျော်ဖြင့် အများဆုံး ဖြတ်တောက်ခံရသည်။ ယင်းသည် လာမည့် ဘဏ္ဍာနှစ် ပြည်ထောင်စုအသုံးစရိတ်မှ လွှတ်တော်က ဖြတ်တောက်ခဲ့သော စုစုပေါင်း ပမာဏ၏ ထက်ဝက်ခန့်လည်း ဖြစ် သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကျပ် ၆၅ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး ဖြတ်တောက်ခံရသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် လာမည့် ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကျပ် ဘီလီယံ ၈,၁၀၀ေ ကျာ်ဖြင့် အများဆုံး တောင်းခံထားသည့် ဝန်ကြီးဌာန ဖြစ်သည်။ စက်မှုဝန်ကြီးဌာနက ကျပ်၂၆ ဘီလီယံကျော်ဖြင့် တတိယအများဆုံး ဖြတ်တောက်ခံရသည်။ အသုံးစရိတ် လျာထားမှု မြင့်တက်လာသော်လည်း အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအများ အပြား ပါဝင်နေကြောင်း ကိုယ်စားလှယ်များက ဝေဖန်ထားသည့် ပညာရေးဝန်ကြီးဌာနသည် ကျပ်၂၅ ဘီလီယံကျော် ဖြတ်တောက် ခံရသည်။ သို့သော် ကာကွယ်ရေး ဝန်ကြီးဌာနသည် လာမည့်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ဖြတ်တောက် ခံရခြင်း မရှိပေ။

‘‘မူဝါဒတွေနဲ့ မကိုက်ညီတာတွေ၊ ဒီနှစ်ထဲမှာမလုပ်နိုင်တဲ့ လုပ်ငန်းတွေ အဲဒါမျိုးတွေကို ကျွန်တော်တို့ဖြတ်တာပါ’’ဟု ဦးအောင်မင်းက ယမန်နေ့ တွင် ပြောသည်။ ‘‘အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနေဖြင့် ခွင့်ပြုသည့် ဘတ်ဂျက်အသုံးစရိတ်များကို ထိထိ ရောက်ရောက်သုံးစွဲရန်နှင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။ ‘‘ဘတ်ဂျက်ထဲမှာပါတဲ့ လုပ်ငန်းစဉ်တွေကို ဝန်ကြီးဌာနတွေကို သူတို့ပြီးစီးအောင် ဆောင်ရွက်မှာ ဖြစ်တယ်ဆိုပြီး တင်ပြလာတာဖြစ်တဲ့အတွက် ဒီလိုတင်ပြ လာတဲ့အတိုင်း ဆောင်ရွက်ဖို့လိုပါတယ်’’ ဟု ဦးအောင်မင်းက ပြောသည်။

လာမည့် ဘဏ္ဍာနှစ်တွင် အစိုးရ၏လျာထားအသုံးစရိတ်များအနက် မီတာခ ကျပ်ဘီလီယံ ၃၀ကိုလည်း လွှတ်တော်က ဖြတ်တောက်ထားသည်။ ယခုနှစ်ဇူလိုင် ၁ ရက် ကစတင်၍လျှပ်စစ် မီတာခများ တိုးမြှင့်သတ်မှတ်ခဲ့ ရာဝန်ကြီးဌာန အသီးသီးကလည်း လာမည့် ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားငွေတွင် လျှပ်စစ်မီတာခများကို တိုးမြှင့်လျာထား တောင်းခံခဲ့သည်။ တိုးမြှင့်တောင်းခံသည့် မီတာခ အသုံးစရိတ်သည် ယခင်နှစ် မီတာခဖိုးပေးချေငွေ၏ နှစ်ဆမှ သုံးဆအတွင်းသာ ဖြစ်သင့်သော်လည်း ယင်းပမာဏထက် များစွာ ကွာခြားနေကြောင်း စိစစ်တွေ့ရှိသည်ဟု ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ သည်။

13 Sep 2019