အရပ်သားသေဆုံးမှုစုံစမ်းစစ်ဆေးရန်အဆိုကို တပ်ကကန့်ကွက်သော်လည်း ရခိုင်လွှတ်တော်အတည်ပြု

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အဆိုကို တပ်မတော်သားတွေက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူအရေအတွက်များတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားတွေထိခိုက် သေဆုံးရတဲ့ အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့လေ့လာစုံစမ်းရေး အဖွဲ့ဖွဲ့စည်းပြီး လေ့လာစုံစမ်းဖို့ အဆိုကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ရခိုင်လွှတ်တော်က အတည်ပြုလိုက်တာပါ။

အဲ့ဒီအဆိုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့မှာကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဲ့ဒီအဆိုကို ဆက်လက်ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။

ဦးထွန်းသာစိန်တင်သွင်းတဲ့ ဒီအဆိုကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံ ဆွေးနွေးသွားပါတယ်။

ဒီအဆို လွှတ်တော်မှာ မှတ်တမ်းအဖြစ်ထားရှိဖို့ပြည်နယ်အစိုးရကိုယ်စား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းသန့်က တင်ပြသွားပါတယ်။ အဲ့ဒီနောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကိုတင်သွင်းသူ မြောက်ဦး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကိုမေးမြန်ရာမှာ အဆိုကို လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် လွှတ်တော်ရဲ့အဆုံး အဖြတ်ကို ရယူဖို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အရပ်သား ပြည်သူ ၈၀ ကျော်ထက်မနည်းသေဆုံခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူတွေ ၁၂၀ ကျော်ရှိတယ်လို့ အဆိုရှင်က ဆိုပါတယ်။

ဒီအဆိုကို လွှတ်တော်မှာ မတ်တတ်ရပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာတော့ အဆိုကို ထောက်ခံသူ ၂၁ ဦးနဲ့ ကန့်ကွက်သူ ၁၂ ဦး၊ ကြားနေ ၁ ဦးနဲ့ ထောက်ခံသူများတဲ့အတွက်အဆိုကို ရခိုင် ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

24 Sep 2019