ဒေါ်လာ သန်း ၁၈၀ အသုံးပြုမည့် ပညာရေးစီမံကိန်း အလွဲသုံးစားမှုမရှိစေရေး ထိန်းကျောင်းရန် လွှတ်တော်အမတ် တိုက်တွန်း

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မြန်မာနိုင်ငံရှိ ၁၁၅ မြို့နယ်အတွင်း ကန်ဒေါ်လာ သန်း ၁၈၀ အသုံးပြုဆောင်ရွက်မည့် ပညာရေးစီမံကိန်းတွင် အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရေး အလေးထားဆောင်ရွက်ရန်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက တိုက်တွန်းသည်။

နိုဝင်ဘာ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တွင် ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အ ကောင်အထည်ဖော် ဆောင်ရွက် ရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှကန်ဒေါ်လာသန်း၁၀၀ ချေးယူငွေရယူရေးကိစ္စကို ၎င်းက ထောက်ခံ အကြံပြုဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ် ၃၃၀ အနက် ၁၁၅ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများရှိ ကလေးအားလုံး အရည်အသွေးမီ ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းပြင်ပရောက်နေသည့် ကျောင်းနေအရွယ် ကလေးများ သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးရေး လေးနှစ်စီမံကိန်း ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းစီမံကိန်းတန်ဖိုးမှာ ဒေါ်လာ သန်း ၁၈၀ ကုန်ကျမည် ဖြစ်ရာ  ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ် လာသန်း ၁၀၀၊ GlobalPartnership for Education မှ ထောက် ပံ့ငွေ ဒေါ်လာသန်း ၇၀၊ ဥရောပ သမဂ္ဂ(EU)မှ ထောက်ပံ့ငွေ ဒေါ် လာ ၁၀ သန်းတို့ဖြင့် ဆောင်ရွက် မည်ဖြစ်သည်။ ဝန်ကြီးဌာနများက ရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းအတော်များများသည် အကြောင်းကြောင်းကြောင့် မျှော်မှန်းထားချက်အတိုင်း အောင်မြင်မှုမရှိခြင်း၊ အားနည်းခြင်းများ ရှိသည်ကို တွေ့မြင်နေရကြောင်း ဦးထိန်ဝင်းကပြောသည်။

ချေးငှားပြီးလုပ်ရသည့် စီမံ ကိန်းဖြစ်သော်လည်း အမှန်တ ကယ်လုပ်သင့်သည့် စီမံကိန်းဖြစ် ၍ ကြိုဆိုထောက်ခံကြောင်း၊ ငွေ ကုန်သလောက် စီမံကိန်းအောင် မြင်အကျိုးရှိရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

‘‘စီမံကိန်း အကြောင်းပြုပြီး ဆီးသီးဗန်းမှောက်တဲ့ ပုံစံမျိုးကို တော့ လက်မခံနိုင်ပါဘူး။ အကျင့် ပျက်ခြစားမှု၊ အလွဲသုံးစားမှု၊အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေပြီးတော့ ချေးငွေတွေ၊ ထောက်ပံ့ပေးငွေတွေ ကုန်သာသွားတယ်။ စီမံကိန်းလည်း မအောင်မြင်၊ အကျိုးလည်းမရှိဘူးဆိုရင် နိုင်ငံတော်အတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာမှာမို့ ဒီလိုမဖြစ်အောင် တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ်သင့်ပါတယ်’’ဟု ဦးထိန်ဝင်းက တိုက်တွန်းသည်။ သမ္မတရုံးဝန်ကြီး ဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက လည်း ပညာရေးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး အလေးထားဆောင်ရွက်ရန် အကြံပြုဆွေးနွေးသည်။

‘‘ယခု သတ်မှတ်ပေးထားတဲ့မြို့ ၁၁၅ မြို့ကို ရွေးချယ်တာကောမှန်ပါရဲ့လား။ Criteria တွေကတော့ စာရွက်ပေါ်မှာ သိပ်ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကယားပြည်နယ် အပါအဝင် ပြည်နယ်အများစုရဲ့ ပညာရေးကဏ္ဍမှာ ပြည်မထက် အများကြီး နောက်ကျနေပါတယ်။ ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘော်လခဲ၊ ဖားဆောင်း၊ မော်ချီး စတဲ့ အစွန်အဖျားဒေသကျေးရွာနေမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးအခြေအနေတွေဟာ အများကြီး ကွာဟနေပါတယ်။ ဖြစ်နိုင်ရင် ဒီစီမံကိန်းကို အချိန်မဆွဲဘဲနဲ့ ပြည်နယ်တွေကို အလေးထား စဉ်းစားဆောင်ရွက်ပေးစေလိုပါတယ်’’ဟု ဦးစိုးသိန်းကပြောသည်။  ထို့အပြင် လိုအပ်ပါက အထက်ပါအဖွဲ့နှစ်ဖွဲ့မှ ဒေါ်လာသန်း ၁၀၀ ထပ်ချေးရန်လည်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံတွင် အခြေခံ ပညာကျောင်း ၄၇,၄၀၀ ကျော်ရှိပြီး ကျောင်းသူ၊ ကျောင်းသား ကိုးသန်းကျော်ရှိသည်။ ယခုစီမံကိန်းတွင် ကျောင်း  ၁၈,၄၇၆ ကျောင်းရှိကျောင်းသူ၊ ကျောင်းသား သုံးသန်းကျော်အတွက် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီ အစဉ်များ ဆောင်ရွက်ပေးရန် စီစဉ်ထားသည်။ တစ်နိုင်ငံလုံး ဘတ်ဂျက်၏  ၈ ရာခိုင်နှုန်းကျော် ရရှိသော ပညာရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်က ခွင့်ပြုထားသည့် ဘတ်ဂျက်ကို စနစ်တကျ သုံးစွဲနိုင်ခြင်း ရှိ၊ မရှိ၊ အလေးအနက် စီမံခန့်ခွဲနိုင်ခြင်း ရှိ၊ မရှိ သုံးသပ်သင့်ဟု ဦးစိုးသိန်းကပြောသည်။

ထို့အပြင် ပညာရေးဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်ရာတွင် ပညာရေးညွှန်းကိန်း အဆင့်နိမ့် ပါးသည့် ရခိုင်ပြည်နယ်အတွင်း စစ်ပွဲဖြစ်ပွားရာ ဒေသများကို ချန် မထားရန် ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝေစိန် အောင်က တောင်းဆိုသည်။

‘‘ပြည်နယ်ရဲ့ တချို့ဒေသ တွေမှာ တိုက်ပွဲများဖြစ်နေတဲ့အ တွက် မဆောင်ရွက်ဘဲ မနေဖို့ တော့ အသိပေးတိုက်တွန်းအပ်ပါတယ်’’ဟု ဦးဝေစိန်အောင်က ပြည်ထောင်စုလွှတ်တော်၌ ဆွေး နွေးသည်။

ရခိုင်ပြည်နယ်အတွင်း ဆရာ၊ ဆရာမများများမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ကြောင့် ရေကူး၍တစ်ဖုံ၊ စက်လှေ ဖြင့်တစ်ဖုံ သွားရောက်ကာစာသင် နေရကြောင်း၊ ထိုဆရာ၊ ဆရာမ များအတွက် လမ်း၊ တံတားများ ဆောက်လုပ်ပေးသင့်ကြောင်း ၎င်းက တောင်းဆိုသည်။ ဆရာ၊ ဆရာမများ နေထိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေးရန် လိုအပ်သည် ဟုလည်း ဦးဝေစိန်အောင်က တင်ပြသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်း ၃,၁၀၀ ကျော်ရှိသည့်အနက် ဆရာ၊ ဆရာမ ၂၅,၀၀၀ ကျော်သာရှိပြီး လိုအပ်ချက်၏ ၈၆ ရာခိုင်နှုန်းသာရှိကြောင်း ၎င်းက ပြော သည်။

Friday, November 8, 2019