ပြည်ခိုင်ဖြိုးအမတ်၏ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန်အဆို ရှုံးနိမ့်

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၏ တောင်သူလယ်သ မားရေးရာ ဝန်ကြီးဌာနတစ်ခုပြည် ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်ပြီး ယမန်နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော် ၌ မဲခွဲဆုံးဖြတ်ရာကန့်ကွက်သူများ ၍ အတည်မပြုကြောင်း ကြေညာ ခဲ့သည်။

အဆိုကိုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင်  ပြည်ခိုင်ဖြိုးပါတီ နှင့် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး သော်လည်း အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက မှတ်တမ်းအဖြစ် သာထားရှိရန် ဆွေးနွေးသည်။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကမူ အဆိုကို အတည်မပြုသင့်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

တပ်မတော်သား ကိုယ်စား လှယ် ဗိုလ်မှူးစံဝင်းခိုင်က လက်ရှိတွင် အလုပ်သမားများအတွက် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိပြီး တောင်သူလယ်သမား များအတွက် ဦးစီးဌာနအဆင့်ပင် မရှိသေးကြောင်း ဆွေးနွေးသည်။

‘‘နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသနေ ပြည်သူများကို ကိုယ်စားပြုသော တောင်သူလယ်သမားများရဲ့ အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် တောင်သူလယ် သမားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းကာ တောင်သူ လယ်သမားအရေးကို တစိုက်မတ်မတ် ဆောင်ရွက်သွားသင့်ကြောင်း အကြံပြု ဆွေးနွေးအပ်ပါတယ်’’ ဟု ဗိုလ်မှူးစံဝင်းခိုင် က ပြောသည်။

လက်ရှိအစိုးရ လက်ထက် တွင် တောင်သူလယ်သမားများ  ရသင့်၊ရထိုက်သည့် သီးနှံဈေးနှုန်း များရရှိရေး ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရှာဖွေဆောင်ရွက် ခြင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ပြည်ပချေးငွေ အထောက်အပံ့ များ ရယူဆောင်ရွက်ခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း လယ်တစ်ဧက ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲထိ၊ ယာတစ်ဧကကို ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းထိ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အမတ် ဦးထွန်း ထွန်းက ဆွေးနွေးသည်။

လက်ရှိ အစိုးရ တာဝန်ယူ ဆောင်ရွက်ရမည့် သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သဖြင့် ဝန်ကြီးဌာန ထပ်မံတိုးချဲ့မည်ဆို ပါက ပြင်ဆင်မှု ဆောင်ရွက်ခြင်း ဖြင့် အချိန်ကုန်မည်ဖြစ်၍ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန်ဦးထွန်းထွန်းက ပြောသည်။

မင်းဘူးအမတ် ဦးဝင်းဝင်းက လက်ရှိ စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ သည် တောင်သူလယ်သမားများ နှင့် သက်ဆိုင်သည့် ဦးစီးဌာနများသာဖြစ်ကြောင်းဆွေးနွေးသည်။

ဦးဝင်းဝင်းကလက်ရှိ စိုက်၊မွေး၊ ဆည်ဝန်ကြီးဌာနက တောင်သူလယ်သမားများနှင့် အဓိက သက်ဆိုင်သည့် ဝန်ကြီးဌာနဖြစ် ကြောင်း ဆွေးနွေးကာ အဆိုကို မှတ်တမ်းအဖြစ်ထားရန် အကြံပြု သည်။

‘‘တောင်သူ လယ်သမားရေး ရာ ဝန်ကြီးဌာနတစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းမယ်ဆို လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန် တွေက ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေ အကောင်အ ထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ရောထွေးပြီး စီမံခန့်ခွဲမှုအပိုင်း မကွဲပြားဘဲ မလိုလားအပ်သော အကန့်အသတ်အနေနဲ့ ရှုပ်ထွေးမှုအနေအထားများ ကြုံတွေ့လာမယ့် အခြေအနေတွေကို သုံးသပ်ရရှိပါတယ်’’ ဒုဝန်ကြီး ဦးလှကျော်က လွှတ်တော်သို့ တင်ပြသည်။

တောင်သူလယ် သမားရေးရာ ဝန်ကြီးဌာနထပ်မံတိုးချဲ့ဖွဲ့ စည်းရန် လိုအပ်မှုမရှိ၍ အဆိုကို အတည်မပြုသင့်ကြောင်း ဝန်ကြီးဌာနက သဘောထားပေးခဲ့သည်။ အဆိုရှင်ဦးသိန်းထွန်းက အတည်ပြုပေးရန် လွှတ်တော်သို့တင်ပြ၍  မဲခွဲဆုံးဖြတ်ရာ အဆိုကိုကန့်ကွက်သူများသဖြင့် ဦးသိန်းထွန်း၏ အဆိုကိုလွှတ်တော်က အတည်မပြု ကြောင်း ကြေညာခဲ့သည်။

Thursday, November 7, 2019