ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာနက စွန့်လွှတ်သည့်မြေ သို့မဟုတ် လယ်သမားပိုင်မြေကို ပိုင်ရှင်က ၂၀ ရာခိုင်နှုန်း၊ တိုင်းအစိုးရက ရာခိုင်နှုန်း ၈၀ ရယူမည်ဆိုသည်ကို ပြည်ထောင်စုအစိုးအရအဖွဲ့မှ မည့်သည့်အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့ပါသလဲဟု မင်းကင်း လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

{Eleven Media Group မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာနက စွန့်လွှတ်သည့်မြေ သို့မဟုတ် လယ်သမားပိုင်မြေကို ပိုင်ရှင်က ရာခိုင်နှုန်း ၂၀၊ တိုင်းအစိုးရက ရာခိုင်နှုန်း ၈၀ ရယူမည် ဆိုသည်ကို ပြည်ထောင်စုအစိုးအရအဖွဲ့မှ မည့်သည့် အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့ပါသလဲဟု ပြည်ခိုင်ဖြိုးပါတီဝင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ပဥ္စမနေ့တွင် တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများအနက် ယခုအချိန်အထိ မူလပိုင်ရှင်များသို့ပြန်လည်အပ်နှံပြီးသည့် မြေဧကများကိုရှင်းလင်း ပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့ တိုက်ရိုက်အပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများ အသုံး ပြုရန် တင်ပြဆောင်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်၌မေးမြန်းရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ထည့်သွင်းပြောကြားသည်။

တပ်မတော်အစိုးရကာလက ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေယာများ သိမ်းဆည်းခဲ့ကြခြင်းသည် ဥပဒေအရ လုပ်ဆောင်ခဲ့သည်ဆိုသော်လည်း လိုအပ်တာထက် ပိုမို သိမ်းယူခဲ့ခြင်း၊ သိမ်းယူခဲ့သော်လည်း လက်တွေ့ လုပ်ငန်းမဆောင်ရွက်ဖြစ်ကြခြင်းများ  တွေ့ရှိလာရပြီး ဒီမိုကရေစီ ရှေးဦးကာလ ဖြစ်သည့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပိုလျှံသည့်၊ မလိုအပ်သည့်မြေများကို နိုင်ငံ တော်ကိုပြန်အပ်ရန် လွှတ်တော်မှ တောင်းဆို ခဲ့သည့်အတွက် ဧကပေါင်းသိန်းချီ၍ ဝန်ကြီး ဌာနများနှင့်ပုဂ္ဂလိကများက နိုင်ငံတော်သို့ပြန် လည်အပ်နှံခဲ့ကြကြောင်း ဦးမောင်မြင့်ကလွှတ်တော်၌ ပြောကြားသည်။

“အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် ဝန်ကြီးဌာနဲ့ ပုဂ္ဂလိကက ပြန်ပေးတဲ့မြေတွေကို တိုင်းအစိုးရက မူလပိုင်ရှင်ဆီ တိုက်ရိုက်စွန့်လွှတ်မြေများအားလုံးကို ပြန်မပေးဘဲ မူလမြေကို တခြားနည်းသုံးစွဲခွင့်ပြုပြီး ၂၀ ရာခိုင်နှုန်းကိုသာ ပိုင်ရှင်ပြန်ပေးမယ်။ ၈၀ ရာခိုင်နှုန်းကိုတော့ တိုင်းအစိုးရက သိမ်းယူမယ်ဆိုတဲ့ကိစ္စပါပဲ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လက သမ္မတရုံးကို လယ်မြေတွေသိမ်း      ပြီး အစိုးရက ၈၀ ရာခိုင်နှုန်း၊ မြေရှင်က ၂၀ ရာခိုင်နှုန်း ခွဲဝေအသုံးပြုဖို့ တင်ပြတယ်။ သမ္မတရုံးက သြဂုတ်လမှာ မူအားဖြင့် သဘောတူတယ်ဆိုတာကို ပြန်ကြားခဲ့ပါတယ်။ ခွင့်ပြုချက်များ Clause တစ်ခုတော့ ပါပါတယ်။ အဲဒါကတော့ မြေယာပိုင်ရှင်များနဲ့ သဘောတူ ညီချက်ရယူပြီးလို့ ဖော်ပြထားပြီး ၀ိနည်းလွတ် လုပ်ဆောင်တာဖြစ်ပါတယ်။ လွှတ်တော်မှာ အတည်ပြုပြီးတဲ့ မြေသိမ်းဥပဒေမှာလည်း ပြည်ထောင်စုအစိုးရကသာ မြေသိမ်းတာကို ဆောင်ရွက်နိုင်ပြီး အခုလို တိုင်းဒေသကြီး အစိုးရကို Blank Cheque ပေးလိုက်တာဟာ ဥပဒေနဲ့မညီဘူးလို့ တည့်တည့်ပဲပြောချင်ပါတယ်” ဟု ဦးမောင်မြင့်က ပြောကြားသည်။

လက်ရှိအစိုးရကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် တပ်မတော်က ပြန်အပ်ထားသည့် မြေတစ်ဧကမျှပြန်မပေးနိုင်သေးဘဲ စာရင်းဇယားရှုပ်ထွေးမှုကို အကြောင်းပြ၊ ရှင်းနေသည်ကို ရှုပ်အောင်လုပ်၍ သမ္မတရုံးမှ မူအားဖြင့် ခွင့်ပြုပေးထားသည့် မြေပိုင်ရှင်က ၂၀ ရာခိုင်နှုန်း၊ တိုင်းအစိုးရက ၈၀ ရာ ခိုင်နှုန်းခွဲဝေယူမည့် အစီအစဉ်ကို သွတ်သွင်းပြီး အမြတ်ထုတ်အသုံးချ ပြည်သူကို အနိုင် ကျင့်နေကြောင်း ဦးမောင်မြင့်က လွှတ်တော်၌ ပြောကြားသည်။

ဦးမောင်မြင့်က  “ဒါကြောင့် ကျွန်တော်ရဲ့ မေးခွန်းကတော့ (၁) တစ်နိုင်ငံလုံး အတိုင်းအတာအရ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ပြီး ပြန်လည်စွန့်လွှတ်ပေးမည့် မြေဧက၊ (၂) ၎င်းတို့အနက် မြေသိမ်းယူစဉ်က ပိုင်ရှင်များထံသို့ လက်ရောက်ပေးအပ်ပြီးသည့် မြေ ဧက၊ (၃) ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာနက စွန့်လွှတ်သည့်မြေ သို့မဟုတ် လယ်သမားပိုင်မြေကို ပိုင်ရှင်က ၂၀ ရာခိုင်နှုန်း၊ တိုင်း အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဆိုသည်ကို ပြည်ထောင်စုအစိုးအရအဖွဲ့မှ မည့်သည့်အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့ပါသလဲ၊ (၄) စမ်းကြီးဝနှင့် မင်္ဂလာဒုံတို့တွင်တပ်မတော်က စွန့်လွှတ်ထားသည့် မြေများကိုသိမ်းယူစဉ်က ပိုင်ရှင်များသို့ အမြန်ဆုံးခွဲဝေပေးရန် အစီအစဉ်ရှိ/မရှိ ဖြေကြားပေးပါရန် မေးမြန်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှစွန့်လွှတ်အပ်နှံသည့် မြေဧရိယာများအား မူလတောင်သူများသို့ပြန်လည်အပ် နှံမှုနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်၌ မူလပိုင်ရှင် တောင်သူ ၃၅၃ ဦးအား မြေဧရိယာ ၂၆၇၇ ဒဿမ ၈၉၄ ဧကအား ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ယခုအစိုးရလက်ထက်တွင် တောင်သူ  ၉၄ ဦးအား မြေဧရိယာ ၄၆၈ ဒဿမ ၇၃၃ ဧကအား ပေးအပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီးက“ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာစီမံကိန်းများ၊ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ၊ ငါးပုစွန် မွေးမြူရေးဇုန်များ ဆောင်ရွက်လျက်ရှိရာ ယခင်က မြေသိမ်းဆည်းခဲ့ခြင်းမဟုတ်ဘဲ ယင်းမြေနေရာတွင် မြေသိမ်းကိစ္စများ ယခုမှ စတင်ဆောင်ရွက်ရာတွင် တောင်သူများနှင့်ညှိနှိုင်းပြီး တောင်သူများ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော် စီမံကိန်းမြေအဖြစ် ၈၀ ရာခိုင်နှုန်း သဘောတူ သည့် လယ်ယာမြေနေရာများကိုသာ ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူညီချက်မရရှိပါက ဆောင်ရွက်ခြင်းမပြုဘဲ ထားရှိပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။

သိမ်းဆည်းမြေများအပေါ် စိစစ်၍ မူလတောင်သူများအား မြေပြန်လည်ပေးအပ်သည့် ကိစ္စရပ်များတွင် သိမ်းဆည်းမြေယာများ၏ ၈၀ ရာခိုင်နှုန်း နိုင်ငံတော်စီမံကိန်းများ၊ အကျိုးပြုလုပ်ငန်းများအတွက် အသုံးပြုရန် သတ်မှတ် ဆောင်ရွက်ခြင်း မရှိပါကြောင်း သိရှိရကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေယာများသိမ်းဆည်းရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြရာတွင် စီမံကိန်းများ တကယ်ပါရဲ့ လားနှင့် MIC ကို သွားပြီးပြီလားဟု ထပ်ဆင့် မေးခွန်းမေးမြန်းခဲ့ပြီး ၈၀ ရာခိုင်နှုန်း၊  ၂၀ ရာ ခိုင်နှုန်း ခွင့်ပြုချက်နှင့် ပေးခဲ့သည့်ဆိုခြင်းများ သည် သမ္မတရုံးကိုပါ ပြည်သူလူထုက အထင် အမြင်မှားစရာဖြစ်နေသည်ဆိုသည်ကို သိရှိပါသလားဟု ဦးမောင်မြင့်က လွှတ်တော်၌ ပြောကြားသည်။

ဦးမောင်မြင့်က“နောက်တစ်ခုကတော့ ဘာလဲဆိုရင် ၈၀၊ ၂၀ ကိုမှ မလိုက်နာဘူးဆိုရင် မင်းတို့တစ်သက်လုံး တခြားသုံးစွဲခွင့်မရစေရ ဘူးဆိုပြီး အောက်ခြေမှာ ငြိမ်းခြောက်မှုတွေ နဲ့အတူ ၈၀၊ ၂၀ ဆိုတာကို သဘောတူအောင် ပြည်သူလူထုကို ကြောက်ရွံ့အောင်၊ ထိတ်လန့် အောင်လုပ်နေတယ်ဆိုတာကို သမ္မတရုံးက သိသလားဆိုတာကို ဒါကို ကျွန်တော်မေးချင်ပါတယ်။ ဒါကတော့ နံပါတ်(၃) မေးခွန်းနဲ့ပတ် သက်ပြီးတော့ ဆက်စပ်မေးခွန်းပါ။ နံပါတ်(၄) မေးခွန်းကတော့ ကျွန်တော်မေးတာရှင်းရှင်းလေးပဲ။ စမ်းကြီးဝနဲ့ မင်္ဂလာဒုံမှာ ဧက ၁၀၀၀ ကျော်ရှိတယ်။ ဧက ၉၀ ပြန်ပေးပြီးပြီ။ ကျန်တဲ့ ဟာတွေ ခင်ဗျားတို့ ပြန်မပေးသေးဘူး။ ပြန်မပေးသေးဘဲနဲ့ အဲဒီဟာကိုပါ ၈၀၊ ၂၀ ထဲမှာ သွတ်သွင်းပြီးတော့မှ လုပ်နေတယ်။ အဲဒါက ဘာတွေရှုပ်နေလို့ ပြန်မပေးသေးတာလဲ။ ဘယ်တော့ပြန်ပေးမှာလဲဆိုတာ ကျွန်တော် အဲဒါ သိချင်ပါတယ်” ဟု လွှတ်တော်၌ ထပ်မံ မေးမြန်းခဲ့သည်။

အထက်ပါ ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးသွားသည့် တစ်ခုချင်းအမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ကို ပြန်လည်စိစစ်မေးမြန်း၍ ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ယခင်က သိမ်းယူထားသည့် မြေများအပေါ်တွင် ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်၍မရကြောင်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်ကြောင့်သာ သိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က အင်းစိန်ခရိုင်ရုံးတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းမြေများကို သမ္မတရုံး ညွှန်ကြားချက်ဖြင့် လုပ်သည်ဆိုသည့် ပုံစံမျိုးဖြင့် ခြိမ်းခြောက်၍ ပြောကြောင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

Wednesday, November 20, 2019