လွှတ်တော်ထဲမှာ အချေအတင် ဖြစ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး

{BBC Burmese မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုလွှတ်တော် နိုဝင်ဘာ လ ၂၀ ရက် အစည်းအဝေးမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် သုံးခဲ့တဲ့ စကားရပ်တချို့နဲ့ ပတ်သက်ပြီး အပြန်အလှန် ကန့်ကွက်ကြရင်း နောက်ဆုံးမှာ ပြည်ထောင်စု လွှတ်တော် နာယကက မိုက်ခရို ဖုန်းမပေးတော့ဘူးလို့ ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက “ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းဟာ လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်များနှင့် မညီ” ဆိုတဲ့ စကားရပ်ကို NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ လွှတ်တော်ကို အရေးကြီးအဆို တင်သွင်းတာဟာ ဥပဒေနဲ့ အညီ အဆုံးအဖြတ်ယူပြီး ဆောင်ရွက်တာဖြစ်လို့ ဒီစကားရပ် ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ပြောသလို၊ အဲဒီအဆို တင်တုန်းကလည်း ဥပဒေနဲ့မညီ ကြောင်း အထောက် အထားနဲ့ ကန့်ကွက် ခဲ့တယ်လို့လည်း ဦးသောင်းအေးက ပြန်ပြီးတော့ ချေပခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဒီ့ကိုယ်စားလှယ်နှစ်ဦးစလုံးကို မိုက်ခရိုဖုန်းမပေးတော့ဘဲ လွှတ်တော်နာယကက အဲဒီစကားရပ်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးခဲ့ပါတယ်။

ဦးသောင်းအေး ဆွေးနွေးတာကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အခုနှစ် အစောပိုင်းက တင်သွင်းခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကိစ္စ ဖြစ်ပါတယ်။

ဦးသောင်းအေးက အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း နှစ်ခုရှိနေပြီးတော့ NLD ဦးဆောင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ရဲ့လမ်းကြောင်းဟာ လွှတ်တော်နည်းဥပဒေ စည်းကမ်းနဲ့ မကိုက်ညီဘဲ အရေးအကြီးအဆို တင်သွင်းပြီး မဲခွဲ ဖွဲ့စည်းခဲ့တာလို့လည်း ပြောခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွေဟာ ဥပဒေကြမ်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီးတော့ ဆယ်တန်းအောင် ထားတဲ့အခြေအနေဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီက မူကြမ်းထွက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိရလို့ မူလတန်းအဆင့်သာ ရှိသေးပြီး ဆယ်တန်းအောင်တဲ့ သူက မူလတန်းကို တက္ကသိုလ် အတူတက်ဖို့ စောင့်နေရ သလို ဖြစ်နေတယ်လို့လည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ကို NLD က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်‌ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်က ဗိုလ်မှူးချုပ်မောင်မောင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်းမှာ ပုဒ်မ ၂၃၂ က ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ ပုဒ်မ ၂၆၁ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ ပြင်ဖို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လွှတ်တော်ကို ရောက်နေတဲ့ ဥပဒေမူကြမ်း အခုဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေက နှစ်ခု၊ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ တင်တာနှစ်ခု ပေါင်းလေးခုရှိပြီး အခြေခံဥပဒေတစ်ခုလုံးက အချက်ပေါင်း၃၀၀၀ ကျော်ကို ဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက စိစစ်နေတာ လည်း ရှိပါတယ်။

ဒီဥပဒေ မူကြမ်းလေးခုစလုံးကို အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက မူကြမ်းပြီးတဲ့ အခါမှ သီးခြားစီ တပြိုင်တည်းဆွေးနွေးဖို့ လွှတ်တော်ဥပဒေကြမ်း ကော်မတီက အကြံပေးခဲ့ပါတယ်။

NLD ဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့တုန်းကလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်ကိုယ်စားလှယ်တွေက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ မှာတော့ ထောက်ခံမဲ ၄၀၀ကျော်နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အတည်ပြု နိုင်ခဲ့ပါတယ်။

ဒီနေ့က ဗိုလ်မှူးချုပ်မောင်မောင် တင်သွင်းတဲ့ အဆိုကို တိုက်ရိုက်ဆွေးနွေးတာ မဟုတ်ပါဘူး။ ကော်မတီက မှတ်ချက်ပေးတဲ့ အစီရင်ခံစာကို ဆွေးနွေးကြတာပါ။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ သူတို့ ပြင်ဆင်ချက်မူကြမ်းဟာ ဥပဒေနဲ့အညီ တင်သွင်းတာဖြစ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှာ ထည့်ဖို့ကို ကန့်ကွက်ကြတာ တွေ့ရတယ်လို ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

ဒါ့အပြင် NLD ပါတီ ဘက်က ကိုယ်စားလှယ်တွေကလည်း တပေါင်းတည်း ရေးဆွဲခြင်းက မှန်ကန်မယ်၊ ပိုမြန်ဆန်မယ်၊ ဒါကြောင့် တစ်ပေါင်းတည်း ဆွေးနွေးဖို့လည်း တင်ပြကြတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

ရွှေးကောက်ပွဲက နီးသလို လွှတ်တော်မှာလည်း အချိန်မရှိတာကြောင့် သူအနေနဲ့ကတော့ အချက်၃၀၀၀ကျော် ပြီးမှ မဟုတ်ဘဲ တစ်ချက်ရ ရင်တစ်ချက်ပြင်တာ ပိုကောင်းတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော် နည်းဥပဒေမှာ ဆွေးနွေးပြီးပြတ်ပြီးသား ကိစ္စကို ထပ်မံတင်ပြခြင်း မပြုရဟု ပြဋ္ဌာန်းချက်ပါရှိပါတယ်။

အခု နှစ်ဖက်အပြန်အလှန် ကန့်ကွက်တဲ့ကိစ္စက NLD ပါတီက အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သလို ပြည်ထောင်စုလွှတ်တော်ကလည်း ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက် အငြင်းပွားစရာ ကိစ္စရပ်မဟုတ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆုံးအဖြတ် ပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးလက်မှက်ထိုးထားတဲ့ ဒီအဆိုကို ဥပဒေကြမ်းကော်မတီက မှတ်ချက်ပေးထားမှု အပေါ်မှာ ရှေ့တစ်ပတ်မှာ ဆက်လက်ဆွေးနွေးကြဖို့ရှိပြီး နောက်ဆုံး အဆုံးဖြတ်ကိုတော့ လွှတ်တော်မှာ မဲခွဲရမှာ ဖြစ်ပါတယ်။

Wednesday, November 20, 2019