တပ်မတော်က တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ဆက်မဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြု

{BBC Burmese News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တပ်ကတင်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို အန်အယ်ဒီပါတီဦးဆောင်တဲ့ လွှတ်တော်တွင်း ၄၅ ဦးပူးပေါင်းကော်မတီရဲ့ ဥပဒေကြမ်းထွက်ရှိချိန်ကျမှ လွှတ်တော်ကို တင်သွင်းဖို့ ဥပဒေကြမ်းလေ့လာစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို လေ့လာစိစစ်ပူးပေါင်းကော်မတီရဲ့ တွေ့ရှိချက်ပေါ် မူတည်ပြီး နိုဝင်ဘာ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့နောက် ထောက်ခံမဲအများစုနဲ့ ခုလို မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တပ်ကတင်ထားတဲ့ အဲဒီဥပဒေကြမ်းမှာ ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်းမှာ ပုဒ်မ ၅၉ (စ) ပါကန့်သတ်ချက်တွေကို ထည့်သွင်းဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုတာ သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားနဲ့ ဆက်စပ်သူ မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပါတီခေါင်းဆောင် ဖြစ်ပေ မယ့် သမ္မတ ဖြစ်ခွင့်မရဘဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို လွှတ်တော်က ပြဌာန်းပြီးနောက် အတိုင်ပင်ခံအဖြစ် နိုင်ငံကို လက်တွေ့ဦးဆောင်သူဖြစ်လာပါတယ်။

အဲဒီ ပုဒ်မနဲ့ အလားတူပုဒ်မကို ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်ထဲမှာ ထပ်ထည့်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် ဦးဆောင်ပြီး တပ်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ခုလို မဲခွဲဆုံးဖြတ်လိုက်တဲ့အတွက် ဒီဥပဒေမူကြမ်းကို သီးခြားဆွေးနွေးခွင့်မရှိဘဲ ခြေဥပြင်ရေး အန်အယ်လ်ဒီ ပါတီဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီရဲ့ ဥပဒေကြမ်းထွက်လာချိန်ကျမှ ဆွေးနွေးတော့ မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်က အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးစဉ် ကြံ့ခိုင်ရေးပါတီက မင်းကင်းအမတ် ဦးမောင်မြင့်ဆွေးနွေးချက်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တချို့ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

ဆွေးနွေးချက်ဟာ လွှတ်တော်ဥပဒေနည်းဥပဒေနဲ့ မညီလို့ဆိုပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်က တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း နောက်တစ်ခုရှိနေပါသေးတယ်။ အဲဒီဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုးပြီး တင်ပြထားတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို နိုဝင်ဘာ ၂၈ ရက်က ဆွေးနွေးချိန်မှာလည်း တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်အချို့ရဲ့ ဆွေးနွေးချက်အပြီးမှာ နာယက ဦးတီခွန်မြတ်က ပြောလို့ရတိုင်း ပြောလို့မသင့်တဲ့ပြောမကောင်းတဲ့ အသုံးအနှုန်းတွေအတွက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေရှိပြီး လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ကို မှန်မှန်ကန်ကန်သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်လာမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေမှာလည်း ဒီဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။

ဒီဥပဒေကြမ်းမှာလည်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၂ နဲ့ ပုဒ်မ ၂၆၄ တို့ကို ပြင်ဆင်ထားတဲ့အချက်တွေ ပါဝင်ပါတယ်။

လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သိပ်လက်ခံနိုင်စရာမရှိပေမယ့် လုပ်စရာရှိတာတွေကို ဆက်လုပ် သွားမယ်လို့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့အညီ ဆွေးနွေးတယ် တင်ပြတယ်ဆိုပေမယ့်လည်း ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး မှန်မှန်မှားမှား မဲခွဲပြီးတော့ပဲ ဆုံးဖြတ်သွားတယ်။ ဒါတွေကို ပယ်ဖျက်သွားတာနဲ့ပတ်သက်လို့ လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ နာယကရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်သွားတာဖြစ်တဲ့အတွက် သီးခြားတော့ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာဖြစ်ပါတယ်” လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ခြေဥပြင်ရေး ၄၅ ဦးပူးပေါင်းကော်မတီဟာ အခန်းအလိုက်ဆွေးနွေးမှုမှာ အခန်း ၅ ကို ရောက်ရှိထားပြီး ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း မကုန်ခင် ခြေဥပြင်ဆင်ရေးဥပဒေကြမ်း ထွက်နိုင်မယ်လို့ ဥပေဒကြမ်း ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်ညွှန့်က ပြောကြားထားပါတယ်။

ဒီကော်မတီဟာ အချက်ပေါင်း ၃၀၀၀ ကျော်ပါဝင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြံပြုချက်တွေကို သုံးသပ်ဆွေးနွေးနေတာဖြစ်ပါတယ်။

Friday, November 29, 2019