ရဲတပ်ဖွဲ့ ၄ ခုက ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့

{BBC Burmese မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ရဲတပ်ဖွဲ့ ၄ ခုမှာ ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ထားတာ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၆ လတွက် အစီရင်ခံစာကို စာရင်းစစ်ချုပ် ဦးမော်သန်းကိုယ်တိုင် လာရောက်ဖတ်ကြားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ကာလအတွက် စာရင်းစစ်ချုပ် အစီရင်ခံစာ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ရဲတပ်ဖွဲ့ ၄ ခုက ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့ကြောင်း တင်ပြသွားတာ ဖြစ်ပါတယ်။

အလွဲသုံးစားလုပ်တဲ့ ပမာဏ အများဆုံးဌာနကတော့ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖြစ်ပါတယ်။ အလွဲသုံးစားလုပ်တဲ့ ငွေပမာဏက ကျပ်သိန်း ၄ ထောင်ကျော် ဖြစ်ပါတယ်။ ဒီအလွဲသုံးစားဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်က ရဲအရာရှိကြီး တဦး လာရောက် ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဌ ၁ ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

ရဲအရာရှိကြီးက ရှင်းလင်းပြောကြားရာမှာ ဟိုပန်အလွဲသုံးစားအမှုကို အရေးမယူရသေးဘဲ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရဲအရာရှိကြီးရဲ့ ရှင်းလင်းချက်အရ အဓိက တာဝန်ရှိသူဟာ စာရေး အဆင့် ၁ လို့ဆိုပါတယ်။ စာရေး အဆင့် ၁ ဟာ အမျိုးသမီးတဦးဖြစ်ပြီး အခုအခါမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ အထက်အဆင့်ဆင့်က တာဝန်ရှိသူတွေကိုလည်း အရေးယူစစ်ဆေးနေတယ်လို့ သိရကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ငွေထုတ်ယူသုံးစွဲသူ အရာရှိဟာ ရဲမှူးတယောက်ဖြစ်ပါတယ်။ ငွေထုတ်သူ အရာရှိရဲမှူးက စာရေးအဆင့် ၁ ကို ချက်လက်မှတ် ရေးခိုင်းခဲ့ပြီး အဲသလို ရေးသားရာမှာ ဂဏန်းကွက်လပ်ချန်ရေးသားတင်ပြပြီး ငွေပိုထုတ်သွားတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ရှင်းပြပါတယ်။

ငွေထုတ်ယူသုံးစွဲသူ ရဲမှူးကိုရော ကြီးကြပ်သူ အထက်အရာရှိဖြစ်တဲ့ ခရိုင်ရဲမှူးကြီးကိုပါ အရေးယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဓိက တာဝန်ရှိသူ ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် အလွဲသုံးစားငွေကိုလည်း ပြန်မရသေးပါဘူး။

အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းမြို့ရဲ့ ငွေအလွဲသုံးစားပြုလုပ်တဲ့ ပမာဏက ကျပ်သိန်း ၁ ထောင်ကျော်ဖြစ်ပါတယ်။

မန္တလေး အခြေစိုက် အမှတ် ၄ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေစာရံက အလွဲသုံးစားလုပ်တဲ့ ငွေပမာဏကတော့ ကျပ်သိန်း ၈၇၀ ကျော်ဖြစ်ပါတယ်။

အမှတ် ၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရေနံချောင်းရဲ့ အလွဲသုံးစားပြုလုပ်တဲ့ ငွေကြေးပမာဏက ကျပ်သိန်း ၂၀၀ ကျော်ဖြစ်ပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ ရေနံချောင်းရဲတပ်ဖွဲ့တွေရဲ့ အလွဲသုံးစားမှုတွေကိုတော့ ငွေအလျော်ပြန်ရပြီးဖြစ်သလို တာ၀န်ရှိသူတွေကိုလည်း ထောင်ဒဏ်ချမှတ်တာတွေ၊ ရာထူးထုတ်ပယ်တာ၊ ရာထူးလျှော့ချတာတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ သိရကြောင်း ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

Tuesday, December 17, 2019