ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFES အကြားမည်သည့်နှောင်ကြိုးများရှိနေသနည်းဟု လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်

{AKonThi မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFES (ရွေးကောက်ပွဲစနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း) အကြား မည်သည့်နှောင်ကြိုးများရှိနေသနည်းဟု မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က မေးခွန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၁၈ ရက်တွင်ကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“လမ်းစဉ်ပါတီအစိုးရခေတ်က ခေတ်စားတဲ့စကားအသုံးအနှုန်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့နှောင်ကြိုးမဲ့ အကူအညီဆိုတာပါပဲ။ နှောင်ကြိုးတွေရှိနေရင် အဲဒီခေတ်ကလက်မခံပါဘူး။ အခုရော IFES ရဲ့ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေရယူခြင်းဟာ ဘာနှောင်ကြိုးတွေရှိနေပြီလဲဆိုတာ ပြည်သူနဲ့အတူ ကျွန်တော်တို့ သိချင်ပါတယ်’’ဟု မင်းကင်းမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောသည်။
ရွေးကောက်ပွဲစနစ်များဆိုင်ရာအပြည်ပြည်ဆိုင်ရာဖောင်ဒေးရှင်း(IFES) အနေဖြင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးထား၍ ကွန်ပျူတာလက်တော့ပ်နှင့်အခြားဆက်စပ်ပစ္စည်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ထောက်ပံ့ပေးအပ်ရန် တင်ဒါခေါ်ယူခဲ့ဖူးသည်။

ယင်းကဲ့သို့တင်ဒါခေါ်ယူမှုအပေါ် ပြည်ခိုင်ဖြိုးပါတီအပါအဝင်နိုင်ငံရေးပါတီ ၂၀ သည် ရွေးကောက်ပွဲတွင် ကွန်ပျူတော့ဆော့ဝဲလ်ပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်မည်ကိုစိုးရိမ်ကြောင်း ကြေညာချက်ထုတ်ခဲ့ဖူးသည်။

“ UEC ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ ၅ နှစ်တာကာလကိုအဆုံးအဖြတ်ပေးမယ့်ရွေးကောက်ပွဲတစ်ခုကို ကြီးကြပ်ရတဲ့ဒိုင်လူကြီးပါ။ ဒိုင်လူကြီးနေရာမှာရပ်တည်ရတဲ့အဖွဲ့အစည်းဟာ ဒိုင်လူကြီးအင်္ဂါရပ်တွေနဲ့ ကိုက်ညီဖို့လိုသလို ဆက်ဆံဆက်သွယ်တဲ့သူတွေကလည်းကောင်းသတင်းရှိတဲ့သူတွေပဲဖြစ်သင့်ပါတယ်။ မကောင်းသတင်းရှိတဲ့သူတွေနဲ့ဆက်သွယ်ဆက်ဆံမိရင် မိမိရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေတယ်ဆိုတာ သတိပြုမိစေလိုပါတယ်’’ဟု ဦးမောင်မြင့်ကထပ်မံပြောသည်။

အဆိုပါပြောကြားချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက သိရှိနားလည်ပါကြောင်း၊ ကော်မရှင်ဆောင်ရွက်ချက်များကိုလည်းသတိထားလုပ်ဆောင်ရမည်ကိုသိမြင်လာ၍ ကျေးဇူးတင်ပါကြောင်း၊ ရွေးကောက်ပွဲကိုအီလက်ထရောနစ်ဖြင့်အသုံးပြုရန်ဥပဒေလည်းမရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Tuesday, December 19, 2019