Facebook ကြော်ငြာခကို မဲဆွယ်စရိတ်တွင် ဖော်ပြရန် သီးခြား မပြဋ္ဌာန်းထားဟု UEC ဆို

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

နိုင်ငံရေးပါတီနှင့် အမတ်လောင်းများ Facebook ပေါ်တွင် ငွေကြေးသုံးစွဲကာ ပိုပျံနှံ့အောင်လုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူမှုကွန်ရက်မီဒီယာအသုံးစရိတ်ကို ရွေးကောက်ပွဲ အသုံးစရိတ်ထဲတွင် ထည့်သွင်းရန်ကိစ္စ “ရွေးကောက်ပွဲဥပဒေများတွင် သီးခြားဖော်ပြထားခြင်းမရှိ” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက ပြောသည်။

“ကိုယ်စားလှယ်လောင်းများ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးကြော်ငြာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏတန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းတွင် ဖော်ပြရန် လို/မလို” ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ပြည်သူ့လွှတ်တော်အစည်းဝေးတွင် ရှမ်းပြည်နယ် မောက်မယ်မြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်း၏မေးခွန်းကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးသမားများ Facebook ကို ငွေကြေးပေးဆောင် အသုံးပြု၍ နိုင်ငံရေးကိစ္စများ ဆောင်ရွက်သည့်အပေါ် ပြည်ထောင်စုလွှတ်တော်အပါအဝင် လွှတ်တော်နှစ်ရပ်တွင် ယခင်က မဆွေးနွေးဖူးဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

ထို့ပြင် “သက်ဆိုင်ရာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဖော်ပြရမည်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ယခင်သတ်မှတ်ထားသည့် မဲဆွယ်စရိတ် သိန်း ၁၀၀ ဖြင့်သာ ဆက်လက်ခွင့်ပြုရန် စီစဉ်ထားသည်ဟု ပြောသည်။

မကြာမီကမှ တည်ထောင်ခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ (UBP) ကလည်း ပါတီလှုပ်ရှားမှုများကို sponsored အတော်များများ လုပ်ဖူးသည်။

သို့သော် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကမူ လူမှုကွန်ရက်ပေါ် ငွေကြေးသုံးစွဲ ကြော်ငြာကာ မဲဆွယ်သည့်အပေါ်  အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထဲတွင် ထည့်သွင်းစေလိုနေကြသည်။

NLD ပါတီဝင်ဟောင်း ဒေါ်သက်သက်ခိုင် ဦးစီးသည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ပူးတွဲတည်ထောင်သူ ဦးမြင့်မောင်ထွန်းက

“အဲ့ဒီလိုပဲ ဆိုရှယ်မီဒီယာပေါ်မှာ (အားလုံးက) ကြော်ငြာနေကြတာ။ အာဏာရပါတီတောင်မှ (နိုင်ငံပိုင်) သတင်းစာထဲမှာ ဒီလိုဆန်ဆန် လုပ်နေကြတာပဲလေ”ဟု ဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ကြော်ငြာသည့် စရိတ်များ ပေါင်းထည့်လိုက်မည်ဆိုပါက “သူပြောတဲ့ သိန်း ၁၀၀ က ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟု ဦးမြင့်မောင်ထွန်းက ဆိုသည်။

နည်းပညာအခြေပြု စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့ပဉ္စမ မဏ္ဍိုင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုးလင်းထွဋ်က

“ရွေးကောက်ပွဲကိစ္စအတွက်သုံးတာ ဘယ်နားသုံးသုံး ထည့်စဉ်းစားရမှာပဲလေ၊ ပိုက်ဆံရှိတဲ့ပါတီက ပိုက်ဆံရှိသလောက် (အွန်လိုင်းမှာ) မဲဆွယ်လိုက်ရင် အကုန်လုံး မမျှမတတွေဖြစ်ကုန်မှာပေါ့” ဟု ဆိုသည်။

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယခုကိစ္စအပေါ် “မှတ်ချက်မပေးလို” ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနှင့်လည်း Facebook ပေါ်တွင် National League for Democracy ဟူသည့် နာမည်နှင့် ရှိနေသည်။ ထို့ပြင် ပြည်နယ်၊ တိုင်းနှင့် ခရိုင်အလိုက် Facebook Page များလည်း ရှိသည်။

ယခုကိစ္စနှင့်ပတ်သက်၍ Facebook တွင် တိကျသည့်မူဝါဒ မရှိပေ။ လာမည့် ၂၀၂၀ မြန်မာရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ၎င်းကဆိုသော်လည်း နိုင်ငံရေးနှင့်ဆိုင်သည့် ကြော်ငြာများမှ ရရှိသည့်ငွေပမာဏကို ထုတ်ပြန်ပေးရန် Myanmar Now က ယခုနှစ် စက်တင်ဘာတွင် Facebook ကို မေးမြန်းခဲ့စဉ်က “တိကျသည့်အဖြေ” မပေးနိုင်ခဲ့ပေ။

Facebook ၏ ကြော်ငြာမူဝါဒ အမှတ်စဉ် ၁၀ တွင် “Facebook ၏စံနှုန်းများ၊ သက်ဆိုင်ရာက ချမှတ်ထားသည့် ဥပဒေများအရ လျော်ညီပါက Facebook တွင် လူမှုရေးကိစ္စ၊ နိုင်ငံရေးကိစ္စနှင့် ရွေးကောက်ပွဲနှင့် ဆိုင်သည်များကို ကြော်ငြာထည့်နိုင်သည်။ သို့သော် လိုအပ်ပါက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည်များအပြင် နိုင်ငံရေးနှင့် ပတ်သက်သည်များကို Facebook က တားမြစ်နိုင်သည်” ဟု ရေးသားထားသည်။

Thursday, December 19, 2019