ဝန်ထမ်းတချို့ ငတက်ပြား Institute ကနေ ဂုဏ်ထူးတန်းနဲ့အောင်မြင်ခဲ့သလားလို့ထင်ရ နိုင်ငံ့ဘဏ္ဍာကို ယုတ္တိရှိရှိဖျောက်ပြနိုင်စွမ်းရှိဟု လွှတ်တော်အမတ်ဆွေးနွေး

{O Media မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို
ကလစ်ပေးပါ။}

ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုအခြေအနေနဲ့ အလွဲသုံးစားမှုတွေ၊ ဥပေဒစည်းမျဉ်းတွေ လိုက်နာမှုအားနည်းတဲ့ အစိုးရဝန်ကြီးဌာန(၁၀) ခုထက်မနည်း တွေ့ရှိရတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ ခွန်ဝင်းသောင်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဧပြီလကနေ စက်တင်ဘာလ အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကပေးပို့တဲ့(၆)လတာ စစ်ဆေးတွေ့ရှိတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာ တွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် ပထမတွဲ အစီရင်ခံစာအပေါ် ကချင်ပြည်နယ်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။

“ အချို့သော ဝန်ထမ်းအနည်းငယ်နဲ့ အနည်းမငယ်သော ဝန်ထမ်းအချို့တို့ဟာ လာဘ်ရွှင်ဂါထာတော်တွေကိုအကြိမ်ကြိမ်အခါခါ ရွတ်ဖက်စရာမလိုဘဲ ဝင်လာမစဲတသဲသဲဖြစ်စေတဲ့ correction technology အတတ်ပညာနဲ့ ပတ်သက်ပြီး တစ်သက်စားဖို့ အလျင်မှီစုရတဲ့ ငတက်ပြားတို့ရဲ့ institute ကနေ ဂုဏ်ထူးတန်းတွေနဲ့အောင်မြင်ခဲ့ကြလေသလားလို့ ထင်ရလောက်အောင် နိုင်ငံဘဏ္ဍာတွေကို ယုတ္တိရှိရှိ ဖျောက်ပြနိုင်စွမ်းရှိကြပါတယ်။ ဒါတွေကို အချိန်တန်ရင် လွှတ်တော်ကြီးက သဘောတူပါတယ်ဆိုပြီး မှတ်တမ်းတင်ရုံ ဝန်ထမ်းဥပဒေနဲ့ သာမာန်အရေးယူမျှသာ မလုံ လောက်သေးဘဲ အဂတိမြောက်ရင် မြောက်သလို မပြတ်သော အသိနဲ့ ဒါတွေကို ထုတ်ဖော်အရေးယူရန် လိုအပ်နေပါသေးတယ်”

လို့ ကချင်ပြည်နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့တာပါ။

ဒေါက်တာ ခွန်ဝင်းသောင်းက ထောက်ပြခဲ့တာတွေကတော့ ဆရာစံပလာဇာမြေဧရိယာငှားရမ်းမှုကိစ္စ၊ ကုမ္ပဏီတွေဆီကနေ ကောက်ခံရမယ့် တိရိစ္တာန်အစာဖိုးကျပ်သန်း(၂)သောင်းကျော်နဲ့ပတ်သက်လို့ အားမရတဲ့ကိစ္စ၊ ရွှေလက်ကျန်ဖြေရှင်းမှု နိုင်ငံတော်နစ်နာတဲ့ကိစ္စ၊ ကျောက်စိမ်းခန်းမငှားရမ်းခ ကန်ဒေါ်လာ(၄)သိန်းကျော်နဲ့ ကျပ်ငွေ(၁၂)သန်းကျော် ငွေစာရင်းသွင်းဖို့လိုနေတဲ့ကိစ္စတွေကို ထောက်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းပေါင်း(၂၅၀၀)မှာ (၁၈)ခုမပြီးခဲ့တာ၊ လုပ်ငန်း ၂ခု မအပ်နှံနိုင်ခဲ့ တာတွေအပြင် FDA က ကားအစီး ၂၀ စီးဝယ်တာမှာ လွဲချော်မှုကိစ္စ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ရှိတဲ့ချေးငွေတွေကို အရင်းရော အတိုးပါ မဆပ်နိုင်သေးတဲ့ ကိစ္စတွေအပြင် တခြားကိစ္စတွေကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာတော့ အဲဒီ Mini ဘက်ဂျက်အပေါ် လွှတ်တော်ကိုယ်စားလှယ်(၁၄)ယောက်က ဆွေးနွေးခဲ့သလို ဒုတိယတွဲတွေ့ရှိချက်ကိုလည်း ဒီနေပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်ဆွေးနွေးသွားကြဦးမှာ ဖြစ်ပါတယ်။

Thursday, January 30, 2020