ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းများ ပူးပေါင်းဆွေးနွေးမယ့်ကိစ္စ တပ်မတော်ကန့်ကွက်

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ခြေဥပြင်ဆင်ရေးလုပ်ငန်းစဥ်စတင်ကတည်းက ပြင်ဆင်ရေးလုပ်ငန်းစဥ်တွေဟာ ဥပဒေနဲ့ညီညွှတ်မှုမရှိဘူးလို့ဆိုကာ အစဥ်တစိုက်ကန့်ကွက်လာခဲ့တဲ့ တပ်မတော်ဟာ သည်ကနေ့လွှတ်တော်မှာလည်း ခြေဥပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြပြန်ပါတယ်။

သည်ကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ “ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်စပ်လျဥ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ” ကို ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ တပ်မတော် နဲ့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်တွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်း( ၅)ခု နဲ့ ဒီချုပ်ကိုယ်စားလှယ်အများစုပါဝင်တဲ့ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း(၂)ခု ကို ပူးပေါင်းပြီး ဆွေးနွေးကြဖို့ ပါရှိပါတယ်။

ဒါပေမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က အစီရင် ခံစာမှာ ပါရှိတဲ့အတိုင်း ဥပဒေမူကြမ်းတွေအားလုံးကို ပူးပေါင်းဆွေးနွေးလိုခြင်းမရှိပဲ သီးခြားစီ ဆွေးနွေးဖို့ မတ်တပ်ရပ်ကန့်ကွက်ကာ လွှတ်တော်နာယက ဦးတီခွန်မြတ်ထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်နာယကကလည်း ဗိုလ်မှူးချုပ်မောင်မောင်ကို တင်ပြခွင့်ပေးခဲ့ပါတယ်။ ကန့်ကွက်တင်ပြချက်ဟာလည်း၂ မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

လွှတ်တော်နာယက ကတော့ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ကန့်ကွက်တင်ပြချက်အပေါ် “ စိစစ်ရေးပူးပေါင်းကော်မတီမှာ ညှိနှိုင်းဆုံးဖြတ်ထားတဲ့ကိစ္စကို မိမိတို့လွှတ်တော်ကိုတင်ပြလာတဲ့အချိန်မှာ မိမိတို့ လွှတ်တော်အနေနဲ့လဲ ဒါကို အလေးထားပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ​ခြေခံဥပဒေ (၂၀၀၈)ခုနှစ်ကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းဆိုတဲ့ ခေါင်းစဥ်အောက် တစ်ခုတည်းမှာပဲ ပုဒ်မအလိုက် ဆွေးနွေးသွားရမှာ ဖြစ်တဲ့အတွက် သီးခြားစီ ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောကြားလိုပါတယ်” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တစ်မိနစ်ခန့် မတ်တပ်ရပ်ကာ ထပ်မံကန့်ကွက်ပြောဆိုနေတဲ့အတွက် နာယက အနေနဲ့ “ ဆွေးနွေးမယ့်အချိန်ပါ၊ ဒီမှာအငြင်းပွားရမယ့်အချိန် မဟုတ်ပါဘူး၊ ခွင့်မပြုနိုင်ပါဘူး” ၊ “ ခွင့်မပြုနိုင်တော့ပါဘူး” ၊” ခွင့်မပြုနိုင်တော့ပါဘူး” လို့ သုံးကြိမ်အထိ ပြောကြားခဲ့ရပါတယ်။

သည့်အတွက် အစီရင်ခံစာဖတ်ကြားပြီးနောက်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ လွှတ်တော်နာယကတို့ အပြန်အလှန် ပြောဆိုချိန်ဟာ ၄ မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လွှတ်တော်နာယကက အစီရင်ခံစာပါအတိုင်းပဲ ဆက်လက်ဆောင်ရွက်ဖို့ ကြေညာခဲ့ပါတယ်။

သည်အစီရင်ခံစာအပေါ် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားတွေရှိပါက ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းကြဖို့လည်း နာယကက  ကြေညာခဲ့ပါတယ်။

သည်ကနေ့ တင်သွင်းလိုက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း (၇)ခုထဲမှာ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ပုဒ်မခွဲ အရေအတွက် ၅၈ ချက် ရှိပြီး ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ပုဒ်မ၊ပုဒ်မခွဲက ၈၄ ချက်အထိ ရှိပါတယ်။

ပုဒ်မ ၄၃၆(က)နဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေဟာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရုံနဲ့မရသေးပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာ ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်။ပုဒ်မ ၄၃၆(ခ)နဲ့သက်ဆိုင်တဲ့ပုဒ်မတွေကတော့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံနဲ့ ပြင်ဆင်လို့ရတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဥ်နဲ့ပတ်သက်ပြီး ဒီချုပ်အမတ် ဦးအောင်ကြည်ညွှန့်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုတစ်ရပ်တင်သွင်းခြင်းကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

Tuesday, February 10, 2020