ပါတီရုံးနှင့်ဆိုင်ခန်းများငှားထားသည့် ကူမဲမြို့ ပြည်ခိုင်ဖြိုးပါတီရုံးအား ကျောင်းပိုင်မြေနေရာမှ ဖယ်ရှားပေးရန် ညွှန်ကြားထားသော်လည်း မဖယ်ရှားသေးတာကြောင့် ဥပဒေအရ အရေးယူရန်လုပ်ဆောင်နေ

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

 

မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)မူလွန်ကွက်သစ်ကျောင်း မြေနေရာမှာ ကူမဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက ရုံးခန်းဆောက်လုပ်ထားတဲ့အပြင် ဆိုင်ခန်းတွေငှားရမ်းထားပြီး နေရာကနေ ဖယ်ရှားခြင်းမရှိတာကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက သိရပါတယ်။

 

အဲဒီမြေနေရာကို ပညာရေးဌာနပိုင်ကျောင်းမြေအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေပေးမိန့်ချထားပေမယ့် လက်ရှိအချိန်ထိ ပညာရေးဌာနက လက်ဝယ်မရရှိသေးတာကြောင့် ပညာရေးဌာန လက်ဝယ်ရရှိအောင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းကမေးမြန်းခဲ့တာဖြစ်ပါတယ်။

 

ဝန်ကြီးဦးအောင်ကြည်က “ ကျောင်းပိုင်မြေနေရာက အဆောက်အဦးများ ဖယ်ရှားရှင်းလင်းပေးရန်အတွက် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌထံ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့က ပထမအကြိမ်၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့က ဒုတိယအကြိမ် ၊၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့က တတိယအကြိမ် အကြောင်းကြားစာပို့ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိဘူး” လို့ ဖြေကြားခဲ့ပါတယ်။

 

ကူမဲမြို့နယ် အုပ်ချုပ်ရေးမှုရုံးမှာ ဌာနဆိုင်ရာတွေ မြို့မိမြို့ဖတွေနဲ့ လုပ်တဲ့ ညှိုနှိုင်းအစည်းအဝေးမှာ ကျောင်းပိုင်မြေနေရာနဲ့ပတ်သက်ပြီး ကူမဲမြို့ ပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံက ပါတီဗဟိုဌာနချုပ်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတာကြောင့် အချိန်ပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲဒါအပြင် တိုင်းဒေသကြီးပါတီတာဝန်ရှိသူတွေနဲ့လည်း ၂၀၁၉ရက်နေ့ မတ်လ၂၀ရက်နေ့မှာ ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

 

၂၀၁၉ခုနှစ် ဧပြီလ ၂၄ရက်နေ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၉ခုနှစ် မေလ၁၅ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပိုင်မြေနေရာနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးမယ့်အကြောင်းကို ပြန်လည်အကြောင်းကြားရန်နဲ့ အကြောင်းပြန်ကြားမှုမရှိပါက တည်ဆဲဥပဒေအရ ဆောင်ရွက်မယ့်အကြောင်းကို မေလ၇ရက်နေ့က ကူမဲမြို့ ပါတီဥက္ကဌထံပေးပို့ထားတယ်လို့ သိရပါတယ်။

 

အကြောင်းပြန်ကြားခြင်းမရှိတာကြောင့့် သက်ဆိုင်ရာကျောင်းအုပ်ကြီးက မြစ်သားမြို့နယ် ဥပဒေရုံးအရာရှိထံ ၂၀၁၉ခုနှစ် သြဂုတ်လ၁၉ရက်နေ့မှာ စာရွက်စာတမ်းတွေနဲ့အတူ အကြံဉာဏ်လမ်းညွှန်ချက်တောင်းခံထားပြီး ၂၀၁၉နိုဝင်ဘာလ ၃ရက်နေ့တွင် မြေနေရာနှင့်ပတ်သက်ပြီး ဓာတ်ပုံမှတ်တမ်းများ၊အဆောက်အဦးပိုင်ဆိုင်မှုများ ပြည့်စုံအောင်တင်ပြရန်ပြန်လည်အကြောင်းကြားတာကြောင့် ကျောင်းအုပ်ကြီးကတင်ပြခဲ့တယ်လို့သိရပါတယ်။

 

အဲဒီလိုတင်ပြပေမယ့် ယနေ့အချိန်ထိ အကြောင်းပြန်ကြားမှုမရှိဘူးလို့ သိရပါတယ်။

 

ဦးအောင်ကြည်က “ ၂၀၂၀ခုနှစ် ဇန်နဝါရီလ၂ရက်နေ့တွင် စာရွက်စာတမ်းများပြီးပြည့်စုံအောင်ပြုစုပြီး မြို့နယ် ဥပဒေရုံး အရာရှိထံ အကြံဉာဏ်များတင်ပြတောင်းခံထားသော်လည်း ယနေ့အထိအကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးမှုအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာဌာန ဥပဒေအရာရှိထံ အကြံဉာဏ်များ အမြန်ဆုံး ဆောင်ရွက်ပေးပါရန်အကြောင်းကြားပြီးဖြစ်ပါကြောင်း ဖြေကြားပေးအပ်ပါသည်” ဟု လွှတ်တော်မှာပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ကျောင်းမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကူမဲမြို့ရပ်မိရပ်ဖများမှ တင်ပြတိုင်ကြားခဲ့တဲ့မြေပေါ်မှာ ပြည်ခိုင်ဖြိုးပါတီမှ ရုံးခန်းဖွင့်လှစ်၍ ဆိုင်ခန်းများငှားရမ်းထားသည့်မြေနေရာဖြစ်တယ်လို့ ဒေါ်သင်းမြမြသင်းက ပြောပါတယ်။

 

သူက “ မြေနေရာအားအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့မှအဆင့်ဆင့်စီစစ်ပြီးနောက် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးတိုးတက်ရေးပါတီအမည်ဖြင့် ချထားပေးသော မြေပေးမိန့်အား ပယ်ဖျက်ပြီး ကူမဲမြို့အခြေခံပညာမူလတန်းကျောင်းကွက်သစ်မြေနေရာအဖြစ် မြေပေးမိန့်ချထားပေးပြီးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ပညာရေးဌာနပိုင်မြေအဖြစ် မရောက်ရှိသေးပါဘူး” ပြောပါတယ်။

 

မြစ်သားမြို့နယ်ကူမဲမြို့အမှတ်(၁)ရပ်ကွက် မူလွန်ကွက်သစ်ကျောင်းမြေက ၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မူလွန်ကျောင်းအဖြစ်အဆင့်တိုးမြှင့်ခဲ့တယ်လို့သိရပါတယ်။

 

လက်ရှိမှာ ကျောင်းမြေက ကျောင်းသားဦးရေအရ ကျဉ်းနေတဲ့အပြင် ကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ရန်လိုအပ်နေပြီဖြစ်တာကြောင့် ကျောင်းပိုင်မြေကို အမြန်ပြန်လည်ရရှိရန် လိုအပ်တယ်လို့ပြောပါတယ်။