အခြေခံဥပဒေပြင်ဆင်ရေး ၁၀ ရက်အတွင်း အပြီးဆွေးနွေးဆုံးဖြတ်မည်

{Myanmar Now မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးပါဝင်ဆွေးနွေးရန် ခွင့်ပြုထားပြီး ၁၀ ရက်အတွင်း အပြီးဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယနေ့ကြေညာလိုက်သည်။

အဆိုပါလုပ်ငန်းစဉ်များကို ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၅ ရက်အတွင်း အပြီးဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး တစ်ဦးလျှင်ဆွေးနွေးချိန် ၈ မိနစ်သတ်မှတ်ထားကြောင်း မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက Myanmar Now ကိုပြောသည်။

မူလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၆၉ ဦး၊ တိုင်းရင်းသားနှင့် အခြားပါတီများ၊ တစ်သီးပုဂ္ဂလများမှ ၄၉ ဦး ၊ တပ်မတော်သား ၁၆၄ ဦး စုစုပေါင်း၂၈၂ ဦးဆွေးနွေးရန် အမည် စာရင်းတင်သွင်းထားသော်လည်း ယခုအခါ ၁၄၉ ဦးသာ ပါဝင်ဆွေးနွေးတော့မည်ဖြစ်သည်။

ပါဝင်ဆွေးနွေးမည့် သူများကို လျှော့ချရန် မည်သို့ညှိနှိုင်းဆွေးနွေးလိုက်သည်ကို မသိရသေးပေ။

ယခုဆွေးနွေးမည့်သူများမှာ NLDပါတီနှင့် တပ်မတော်တို့မှ အယောက် ၅၀ စီ၊ အခြားပါတီနှင့် တစ်သီးပုဂ္ဂလ ၄၉ ဦးတို့ ဖြစ်သည်။

လက်ရှိ အခြေခံဥပဒေ၌ ပြင်ဆင်လိုသည်များကို NLD ဦးဆောင်သည့် ၄၅ ဦးပူးပေါင်းကော်မတီက ဥပဒေကြမ်း နှစ်ခု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့က ဥပဒေကြမ်း ငါးခု ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းများတွင် ပြင်ဆင်ရန်အဆိုပြု ပုဒ်မ စုစုပေါင်း ၁၄၂ ချက်အထိရှိပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံဖြင့် ပြင်နိုင်မည့် ပုဒ်မများ၊ လူထုဆန္ဒခံယူပွဲပါ ကျင်းပအတည်ပြုရန် လိုအပ်သည့်ပုဒ်မများကို သီးခြားစီ ခွဲထုတ်၍ ဥပဒေကြမ်းနှစ်ခုအဖြစ် တင်သွင်းထားသည်။

သို့သော်ဆွေးနွေးဆုံးဖြတ်မှုများကိုမူ ဥပဒေကြမ်းနှစ်ခုအဖြစ် ခွဲခြားဆောင်ရွက်မည်မဟုတ်ဘဲ တစ်ပေါင်းတည်း (ပုဒ်မအစဉ်အလိုက်အရ) လုပ်ဆောင်မည်ဟု ဦးတီခွန်မြတ်ကပြောဆိုသည်။

Friday, February 21, 2020