ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် ရဲ့ ဆွေးနွေးချက်တွေအပေါ် လုံးကောက်ဖော်ကာ လိုအပ်သလို အရေးယူမယ်

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}
================

ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့်အနေနဲ့  ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေအပေါ် ဆွေးနွေးရာမှာ လွှတ်တော်စည်းကမ်းနဲ့မညီတဲ့ ဆွေးနွေးချက်စကားရပ်အချို့ပါဝင်နေတာကြောင့် ဒီချုပ်အမတ် ဦးနေမျိုးထွန်းက အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြခဲ့ပါတယ်။

ဦးမောင်မြင့်ရဲ့ ဆွေးနွေးတဲ့အထဲမှာ ပါဝင်တဲ့ “ သူငယ်ပြန်တတ်တဲ့အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက်ဖြစ်ပါတယ်” ၊ “ All inclusive ဆိုတာကို ဦးထွန်းထွန်းဟိန်က မေ့သွားပြီ ထင်ပါတယ်” စတဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ဒီချုပ်အမတ် ဦးနေမျိုးထွန်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးနေမျိုးထွန်း” ဦးမောင်မြင့် (မင်းကင်း)ဆွေးနွေးတဲ့အထဲမှာ နည်းဥပဒေ ၁၉ (ဋ္ဌ) ပါ အခြားသူကို ပုတ်ခတ်တဲ့စကား မြောက်များစွာ ပါပါတယ်။ပြည်ထောင်စုအဆင့်လွှတ်တော်မှာလည်း ရယ်စရာကောင်းပါတယ်ဆိုတဲ့ စကားရပ်တွေ၊နောက်ပြီး အသက် ၇၀ ကျော်လျှင် သူငယ်ပြန်တတ်တဲ့အရွယ်၊ကျွန်တော်တို့ ဒီလွှတ်တော်ထဲမှာလည်း အသက် ၇၀ ကျော်တဲ့သူတွေအများကြီး ရှိပါတယ်။ဒါမျိုးတွေကတော့ အသက်ကြီးပိုင်းတွေ စော်ကားရာလည်း ကျနေပါပြီ။နောက်တစ်ခုက all inclusive ဆိုတဲ့ စကားကို ဦးထွန်းထွန်းဟိန်က မေ့သွားပြီလားဆိုတာတော့ တိုက်ရိုက် လူပုဂ္ဂိုလ်တစ်ဦးကို နာမည်နဲ့ ပုတ်ခတ်နေတာပါ” လို့ နာယကထံ တင်ပြခဲ့ပါတယ်။

သူက ဆက်ပြီး” နာယကကြီးအနေနဲ့ သတိပေးပြီးဖြစ်တဲ့အတွက်ကို ၂(ခ)အရ အရေးယူပြီး ဆောင်ရွက်ဖို့ပဲ ရှိပါတော့တယ်ခင်ဗျာ” လို့လည်း ​တင်ပြခဲ့ပါတယ်။

လွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ ဦးနေမျိုးထွန်းရဲ့ တင်ပြချက်အပေါ် “ လုံးကောက်ကို ပြန်ဖော်ပြီးမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

သည်ကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေအပေါ် ဆွေးနွေးကြရာမှာ ဦးမောင်မြင့် အပြင် နောက်ထပ် ကြံ့ခိုင်ရေးအမတ်ဖြစ်တဲ့ ဦးစန်းသန်းနိုင်ရဲ့ ဆွေးနွေးချက်အချို့ကိုလည်း ဒီချုပ်အမတ် ဦးအောင်ကြည်ညွှန့်က ပယ်ဖျက်ပေးဖို့ကန့်ကွက်တင်ပြခဲ့တာကြောင့် စိစစ်ပြီး ပယ်ဖျက်ပေးသွားမယ်လို့ နာယကက ပြောကြားထားပါတယ်။

သည်ကနေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက စတင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဒီချုပ်ပါတီ၊တပ်မတော်၊ကြံ့ခိုင်းရေးပါတီ၊ရခိုင်အမျိုးသားပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၄၉ ဦးက ဆွေးနွေးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ၊၂၆၊၂၇၊၂၈ ရက်နေ့တွေနဲ့ မတ်လ ၃၊၄၊၅ ရက်နေ့တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နာယကအနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ပုဒ်မခွဲ များအပေါ် ဆွေးနွေးမယ့်အစီအစဥ်လျာထားချက်နဲ့စပ်လျဥ်းပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့စဥ်က ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးကြတဲ့အခါမှာ နိုင်ငံရေးပါတီ၊အဖွဲ့အစည်း တစ်ခုခု ၊ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်စေမယ့် အသုံးအနှုန်း ပြောဆိုချက်တွေမပါရှိအောင် သတိပြုဆင်ခြင်ကြဖို့ အလေးထားမှာကြားထားခဲ့ပြီး ဖြစ်ပါတယ်။

Tuesday, February 25, 2020