ဆွေးနွေးချက်အချို့အပေါ် ကန့်ကွက်ခံရတဲ့ အမတ်ဦးရေ ၁၃ ဦးအထိ ရှိလာချိန် နာယက က အရေးယူနိုင်ကြောင်း သတိပေးပြောကြားလာ

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}
================

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးကြရာမှာ စည်းကမ်းနဲ့အညီ ဆွေးနွေးကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်အနေနဲ့ အကြိမ်ကြိမ် သတိပေးပြောကြားထားပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှု သုံးရက်တာ ပြီးမြောက်ချိန်မှာတော့ ဆွေးနွေးချက်အချို့အပေါ် ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်ဦးရေ (၁၃) ဦး အထိ ရှိလာပြီဖြစ်ပါတယ်။

ဆွေးနွေးချက်အချို့အပေါ် ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ် (၁၃) ဦးကတော့ ဒီချုပ်အမတ်(၆)ဦး၊ကြံ့ခိုင်ရေးအမတ် (၃)ဦး၊တပ်မတော်သားကိုယ်စားလှယ် (၂)ဦး၊ SNLD ပါတီ မှ(၁) ဦး နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၁)ဦး တို့ဖြစ်ပါတယ်။

နာယက အနေနဲ့ ကန့်ကွက်ခံရတဲ့ ဆွေးနွေးချက်တွေကို လုံးကောက်ဖော်ပြီး စိစစ်တဲ့အခါမှာတော့ ကိုယ်စားလှယ်(၃)ဦးရဲ့ ဆွေးနွေးချက်အချို့ လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ကြောင်း အသိပေးကြေညာထားပါတယ်။ကြံ့ခိုင်ရေးအမတ်တွေဖြစ်တဲ့ ဦးစိုင်းသန်းနိုင်၊ဦးမောင်မြင့် နဲ့ ဦးတင်အေးတို့ ရဲ့ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ခံထားရတာပါ။

သည်ပယ်ဖျက်ခံရတဲ့အရေအတွက်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကနေ ၂၆ ရက်နေ့အထိ နှစ်ရက်တာ ဆွေးနွေးတဲ့အထဲမှာ ကန့်ကွက်ခံကြရတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကိုပဲ စိစစ်ထားသေးတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဆွေးနွေးကြရာမှာ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် စိစစ်တွေ့ရှိချက် မပါဝင်သေးပါဘူး။

နာယကအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှု တတိယ​နေ့ဖြစ်တဲ့ သည်ကနေ့မှာတော့ အစည်းအဝေးပြီးဆုံးချိန်မှာ ကိုယ်စားလှယ်တွေကို စည်းကမ်းနဲ့အညီ ဆွေးနွေးကြဖို့ သတိပေးတဲ့အဆင့်တင် မဟုတ်တော့ပဲ သူ့အနေနဲ့ လွန်လာပါက ဥပဒေအရ တရားစွဲဆိုနိုင်တဲ့အထိ အနေအထားမျိုးရှိ​တယ်လို့ပင် ပြောကြားခဲ့ရပါတယ်။

နာယကက” နာယကအနေနဲ့ စီမံခန့်ခွဲရေးအရ အရေးယူလို့ရသလို သူ့အဆင့် လိုက်ရှိပါတယ်။ သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့အထိ အရေးယူနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီအခြေအနေမျိုး မိမိ အနေနဲ့ မလိုလားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အားလုံးက တိုင်းပြည်အတွက် ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်တဲ့အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမြင်မတူပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဂုဏ်သိက္ခာချတာမျိုး၊ ပုတ်ခတ်တာမျိုး မပါစေဖို့ အနူးအညွတ် တောင်းပန်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမှုကို လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးအထိ ဆွေးနွေးဖို့ လျာထားပြီး သုံးရက်အတွင်း ကိုယ်စားလှယ် ၆၃ ဦးအထိ ဆွေးနွေးပြီး ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွေးနွေးမှုတွေကတော့ မတ်လ ၅ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Thursday, February 27, 2020