ပြည်ပရောက်မြန်မာတွေ မဲပေးနိုင်ရေး လေယာဉ်နဲ့ပြန်ခေါ်ဖို့ ပြည်ခိုင်ဖြိုးအမတ် အရေးကြီးအဆိုတင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေမဲပေးနိုင်ရေးအတွက် တပ်မတော် ရေယာဉ်၊ လေယာဉ်တွေနဲ့ ပြန်ခေါ်ဆောင်နိုင်ဖို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးခင်မောင်မြင့်က အရေးကြီးအဆိုအဖြစ် ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် (၂၁) ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရပ်စောက်မဲဆန္ဒနယ်က ပြည်ခိုင်းဖြိုးရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လွှတ်တော်ဥက္ကဋ္ဌဆီ လက်မှတ်ရေးထိုး တင်သွင်းခဲ့တာပါ။
အဲဒီအရေးကြီးအဆိုကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် (၃) ပုံ၊ (၁) ပုံ (၁၄၄) ယောက်ကထောက်ခံရင် ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေကို မတ်တပ်ရပ်ဆန္ဒပြုခဲ့ချိန်မှာတော့ ထောက်ခံသူ(၁၂၅) ယောက်ပဲရှိခဲ့တဲ့အတွက် အဆိုကိုလွှတ်တော်မှာဆွေးနွေးဖို့ ရှုံးနိမ့်သွားခဲ့ပါတယ်။
အဲဒီအဆိုမှာတော့ ပြည်ပရောက်မြန်မာနိုင်ငံသား၊ အထူးသဖြင့် မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ရွေးကောက်ပွဲအမိ ကိုယ့်ဆန္ဒအလျောက် လွတ်လွတ်လပ်လပ် မဲပေးနိုင်ရေးအတွက် ပြန်ခေါ်ဆောင်ဖို့ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို ဖြစ်ပါတယ်။
အဆိုမှာတော့ ကိုဗစ်ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ပြန်လာဖို့စောင့်ဆိုင်းနေတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို တပ်မတော်ရေယာဉ်၊ လေယာဉ်တွေနဲ့ ရွေးကောက်ပွဲအမီ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ ဖြည့်သွင်းနိုင်အောင် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပုံစံ (၁၅) ကြိုပေးထားရမှာဖြစ်ပြီးတော့ အဲဒီကနေ့တဆင့် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကို ပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
သံရုံးနဲ့ ကောင်စစ်ဝန်တွေက ပုံစံ (၁၅) ကို မဲဆန္ဒရှင်တွေကိုပေးပြီးနောက် ပြန်လည်ပေးပို့ရမယ့် နောက်ဆုံးရက်ကို သတ်မှတ်ပေးထားပါတယ်။
အဲဒီနောက် ပြည်ပကမဲစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီ ပေးပို့လိုက်တာလို့ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အလွယ်တကူမဲပေးနိုင်ဖို့အတွက် ကိုယ်နေတဲ့မြို့မှာပဲ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် အလုပ်သမားသံအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။
Tuesday, July 21, 2020
{O Media မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}